အချစ်အတွက် တော်ဝင်မိသားစုဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်မည့် ဂျပန်မင်းသမီး

ဂျပန် တော်ဝင်မိသားစုမှ မင်းသမီးတစ်ပါးသည် သာမန် အရပ်သားတစ်ဦးကို လက်ထပ်ရန် သူမ၏ တော်ဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်သွားမည်ဟု သိရသည်။

အသက် ၂၅ နှစ်ရှိ မင်းသမီး မာကိုသည် ဂျပန်ဘုရင် အေကီဟီတို၏ အကြီးဆုံး မြေးတော်လည်း ဖြစ်သည်။ သူမသည် ပညာအတူသင်ရင်း တွေ့ဆုံခဲ့သည့် ဥပဒေ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သော သက်တူရွယ်တူ ကိုင်ကိုမူရိုကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နန်းတွင်း ဥပဒေအရ တော်ဝင်မိသားစုဝင် မင်းညီမင်းသားများသည် သာမန်အရပ်သားများကို လက်ထပ် ခွင့်မရှိချေ။ အကယ်၍ လက်ထပ်ခဲ့ပါက တော်ဝင်မိသားစု စံသတ်မှတ်ချက် ဘွဲ့ထူးဂုဏ်ထူးများကို လက်လွတ် ဆုံးရှုံးရမည် ဖြစ်သည်။

ဂျပန်တွင် တော်ဝင်မိသားစုတွင်း ထီးနန်းဆက်ခံရန် အကျပ်အတည်းများရှိနေပြီး မိသားစုဝင် အရေအတွက် နည်းပါးလာခြင်းအပေါ် ဝေဖန်မှုများရှိနေချိန်၌ ယခုကိစ္စ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ မင်းသမီး မာကို သည် တိုကျိုရှိ နိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်တွင် ပညာအတူသင်ကြားရင်း ကိုမူရိုနှင့် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဂျပန်မီဒီယာများက မာကို၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အချစ်အတွက် တော်ဝင်ဘဝကို စွန့်လွှတ်မည့် မင်းသမီးဟု ညွှန်းဆိုရေးသားခဲ့ကြသည်။ ၎င်းတို့နှစ်ဦး စေ့စပ်ကြောင်းလမ်းမည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်း သည့်အခါ ကိုမူရိုက “လောလောဆယ်တော့ ဒီအကြောင်းတွေကို မှတ်ချက် မပေးချင်သေးပါဘူး။ ဒါပေမဲ့ သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော် အသိပေးပါ့မယ်”ဟု တုံ့ပြန် ဖြေကြားခဲ့သည်။

နန်းတော်ကလည်း မင်းသမီး မာကို၏ စေ့စပ်ကြောင်းလမ်းမှု အစီအစဉ်ကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း CNN သတင်းဌာနသို့ အတည်ပြုချက်ပေးခဲ့သည်။

ဂျပန်၏ နန်းတွင်းရေးမှာ အနာဂတ် မရေရာမှုများနှင့် အငြင်းပွားစရာ ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လက သက်တော် ၈၃ နှစ်အရွယ် ဘုရင်ကြီး အာကီဟီတိုက အသက်အရွယ်ကြောင့် ၎င်း၏ တော်ဝင်လုပ်ငန်း တာဝန် များကို ထမ်းဆောင်ရန် ခက်ခဲနေပြီး အရိုက်အရာ လွှဲအပ်ရန် စဉ်းစားနေကြောင်း အရိပ်အမြွက် ပြောကြား ခဲ့ဖူးသည်။ Ref: CNN