တာလီဘန်အုပ်ချုပ်သည့် တစ်နှစ်အတွင်း ရောဂါများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် အာဖဂန်နစ္စတန်နိုင်ငံ

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ လူနေထူထပ်သော ရပ်ကွက် များမှ ခနော်ခနဲ့ဆေးခန်းတစ်ခုသည် လွန်ခဲ့သည့်နှစ် တာလီဘန်တို့အာဖဂန်အာဏာကို ပြန်လည်ထိန်းချုပ်ချိန်ကတည်းက စစ်မက်ဖြစ်ပွားနေသော နိုင်ငံ၏ ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအကျပ်အ တည်းကို ဖော်ပြနေသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။လွန်ခဲ့သည့်လက ဟယ်မန်းပြည်နယ်ရှိ မူဆာကာလာခရိုင်ဆေးရုံသည် ကာလဝမ်းရောဂါ သံသယလူနာများမှလွဲ၍ အခြားလူနာများကို လက်မခံခဲ့ပေ။ ယင်းဆေးရုံတွင ်မကြာမီ စာရင်းမဲ့လူနာများဖြင့်ပြည့်နှက်ခဲ့ပြီး ဆရာဝန်များက ၎င်းတို့ကို အကြောဆေးသွင်းပေးခဲ့ကြသည်။

ယင်းဆေးရုံသည် ရက်ပိုင်းအတွင်း ရောက်ရှိလာသော သန့်ရှင်းသည့် သောက်သုံးရေ ၊သင့်လျော်သည့် ရေဆိုးပိုက်စနစ်ကဲ့သို့ အခြေခံသန့်ရှင်းရေးလိုအပ်ချက်မရှိသောကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများ ခံစားနေရသည့် လူနာ ၅၅၀ ခန့်ကို ကာလဝမ်းရောဂါစစ်ဆေးပေးရန် လုံလောက်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများမရှိပေ။“ဒါဟာအရမ်းကို ခက်ခဲတဲ့အခြေအနေပါ။ ကျွန်တော်တို့ပြီးခဲ့တဲ့နှစ် ဒါမှမဟုတ် ဟိုးအရင်နှစ်တွေက ဒီလိုအခြေအနေမျိုး မတွေ့ခဲ့ဖူးဘူး” ဟု တစ်ညလျှင်ငါးနာရီသာ အိပ်စက်ရသည်အထိ အလုပ်များသော ဆေးရုံအုပ် အက်ဆန်နျူလာရိုဒီက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းသည် ကမ္ဘာ့အဆိုးရွားဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းသည် ဆင်းရဲချို့တဲ့မှုကိုအဆိုးရွားဆုံး ကြုံတွေ့ခံစားနေရပြီး မိုးခေါင်ရေရှားမှုနှင့် ငွေကြေးဖောင်းပွမှုတို့နှင့် ရင်ဆိုင်နေရသည်။

“တာလီဘန်တို့အာဏာရချိန်ကတည်းက ကျွန်မတို့တွေချက်ပြုတ်ဖို့ ဆီတောင်ရှာမရတော့ပါဘူး။ ဆင်းရဲတဲ့ လူတွေက သူတို့ရဲ့နင်းပြားတွေ ဖြစ်နေပါတယ်”ဟု ၎င်း၏အာဟာရ မပြည့်သော ခြောက်လအရွယ် မြေးဖြစ်သူကိုပြုစုနေသည့် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။၎င်း၏ မြေးဖြစ်သူသည်နယ် စည်းမခြားဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်းဖွင့်လှစ်ထားသည့် Boost ဆေးရုံတွင် ငါးကြိမ်မြောက် တက်ရောက်ကုသခြင်း ဖြစ်သည်။

“ကျွန်မတို့တွေ ပေါင်မုန့် ခြောက်လေးတောင် ရှာမတွေ့နိုင်ပါဘူး။ ကျွန်မတို့မှာ သုံးရက် ဒါမှမဟုတ် လေးရက်အတွင်း စားစရာဘာတစ်ခုမှမရှိပါဘူး”ဟု နောက်ထပ်လူနာတစ်ဦး၏မိခင ်ဘရှစ်နာက ပြောကြားခဲ့သည်။တာလီဘန်တို့ အာဖဂန်အာဏာကို ထိန်းချုပ်သည့် ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက် မတိုင်မီက အာဖဂန်၏ အခြေအနေမှာတည်ငြိမ်နေ ပီး တာလီဘန်တို့ အာဏာထိန်းချုပ်ပြီးနောက်ပိုင်း လူဦးရေ ၃၈ သန်း၏ အခြေအနေသည် ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိသွားခဲ့သည်။

အမေရိကန်က ဗဟိုဘဏ်ပိုင်ဆိုင်မှု ဒေါ်လာခုနစ်ဘီလျံကို ထိန်းချုပ်ကန့်သတ်ခဲ့ပြီး ပုံမှန်ဘဏ်စနစ် ပျက်သုဉ်းကာ GDP ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ပြည်ပအကူအညီများအားလုံး တစ်ညအတွင်း ရပ်တန့်သွားခဲ့သည်။“ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့အသိအမှတ်မပြုတဲ့ နိုင်ငံကိုဘယ်လို ထောက်ပံ့ကူညီမှာလဲ”ဟု အာဖဂန်နစ္စတန် လေ့လာသုံးသပ်မှုကွန်ရက် မှ ရိုဇန်နာ ရှာပူအာက မေးခွန်းထုတ်ခဲ့သည်။

လူ ၁၀၀၀ ကျော်ကို သေဆုံးစေခဲ့ပြီး လူပေါင်းသောင်းချီအိမ်ခြေမဲ့ ဖြစ်စေခဲ့သော ဇွန်လကငလျင်ကဲ့သို့ အကျပ်အတည်းများကို ဖြေရှင်းရန် လူသားချင်းစာနာထောက်ထားမှုအကူအညီတင်ပို့ခြင်းသည် နိုင်ငံရေးသဘော မပါဝင်သည့်အတွက် အသက်ကယ်ထောက်ပံ့ရေးဖြစ်သောကြောင့် အလွန်ရိုးရှင်းသည်ဟု ၎င်းက ဆိုသည်။တာလီဘန်အလံများသည် ဟယ်မန်းပြည်နယ်တစ်ဝန်းရှိ ကျည်ဆန်ရာများရှိသော အဆောက်အအုံများတွင် လွင့်နေသည်။

သို့သော် နှစ်နှစ်ဆယ်ကြာ အငမ်းမရ ထိန်းချုပ်ခဲ့ပြီးနောက် ၎င်းတို့သည် နိုင်ငံအား ချွတ်ခြုံကျသည့် အခြေအနေဖြင့် အုပ်ချုပ်လျက်ရှိသည်။လက်ရှ်ကာဂါရှိ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက တာလီဘန်တွေရဲ့ အုပ်ချုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။“အစိုးရရဲ့ အဝတ်အထည်ကြီးဟာ သူတို့အတွက် အရမ်းကိုကြီးလွန်းနေပါတယ်။ ကိုယ်နဲ့မတော်တဲ့အကျႌကို ဝတ်နေသလိုပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

Eleven news