ခြေစွမ်းအသာဖြင့် ဥရောပစူပါဖလားကို ရီးရဲလ်ရရှိ

ဥရောပကလပ်အသင်းပြိုင်ပွဲတွေရဲ့ ချန်ပီယံအဖြစ်ဆုံးဖြတ်တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာတော့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်တဲ့ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားခဲ့တာပါ။ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့က အိုလံပစ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်း ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ပွဲချိန် ၃၇ မိနစ်မှာ အလာဘာ နဲ့ ၆၅ မိနစ်မှာ ဘန်ဇီးမား တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းကတော့ ဒုတိယပိုင်းမှာ ဂေါ့ဇီကို ထည့်သွင်းခဲ့ပေမယ့် လိုအပ်တဲ့ချေဂိုးတွေမရဘဲ ရှုံးပွဲကြုံခဲ့ရတာပါ။

၁၉၇၂ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ဥရောပစူပါဖလားပြိုင်ပွဲရဲ့ နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်မှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံဆုရခဲ့တာဖြစ်သလို ဘာစီလိုနာ၊ အေစီမီလန်အသင်းတွေနဲ့အတူ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု ၅ ကြိမ်စီ နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။