၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်

မြစ်ကြီးနား၊ ဩဂုတ် ၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ရမ်ပူ ရပ်ကွက်ရှိ ကချင်ပြည်နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ဦးစီး၍ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။

ယခုကဲ့သို့ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရခြင်းမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား/သူများရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးမြှောက်လိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ပေးရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးညွန့်ဝင်းမှ ပြောသည်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ကြတဲ့သားသမီးတွေကို ဂုဏ်ပြုချီးမြှင့်ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကတော့ နှစ်စဉ်နှစ်စဉ် တက္ကသိုလ်စာမေးပွဲအောင်မြင်တဲ့ကလေးတွေကို နှစ်စဉ်ဆုချီးမြင့်ခဲ့တယ်၊ယခင်ကလည်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့တယ်၊ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ရပ်နားခဲ့ရတယ်၊ ပြီးခဲ့တဲ့နှစ်မှာမှ ဒီဆယ်တန်းအောင်တဲ့ကလေးတွေကို ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ဆုချီးမြှင့်ပေးမယ်လို့ ရည်ရွယ်ချက်နဲ့ပေါ့၊ကလေးတွေရဲ့ပညာရေးကို ကျွန်တော်တို့ပါတီအနေနဲ့ ချီးမြှောက်ချင်တဲ့ အတွက် အခုလိုကျွန်တော်တို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားတွင် လေးဘာသာဂုဏ်ထူးရှင် မိန်းကလေး(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် မိန်းကလေး(၃)ဦး၊ ယောင်္ကျားလေး (၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် မိန်းကလေး(၅)ဦး၊ ယောင်္ကျားလေး (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် မိန်းကလေး(၁၉)ဦး၊ ယောင်္ကျာလေး (၈)ဦး တို့ကို ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် ထူးချွန်ဆုရကျောင်းသား/သူများကိုယ်စား လေးဘာသာဂုဏ်ထူးရှင် မသူဇာသိမ့် မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

လင်းယုန်