အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

ထိုင်းနိုင်ငံ၊အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်ကစတင်၍ ကျင်းပလျက်ရှိသည့် အကြိမ် ၂၀ မြောက် အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း၏ ပထမဆုံးရွှေတံဆိပ်ဆုအား ဝူရှူးအားကစားနည်းမှ စတင်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေတံဆိပ်ဆုအား သြဂုတ် ၄ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ ပွဲစဉ် ၄ အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မမြတ်နိုးအိမ် ကရမှတ် ၉ ဒသမ ၆၅ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

မမြတ်နိုးအိမ်သည် မန္တလေးတက္ကသိုလ်၌ စတုတ္ထနှစ်(သမိုင်းဘာသာရပ်)အထူးပြုကျောင်းသူတစ်ဦးဖြစ်ကာ မြန်မာတက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ ဝူရှူးအားကစားနည်း ၄ မျိုးအား ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

အလားတူ မြန်မာတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုတက္ကသိုလ်ဘောလုံးအသင်းတို့၏ တတိယနေရာလုပွဲတွင် လည်း မြန်မာတက္ကသိုလ်ဘောလုံးအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့၍ တတိယဆု တံဆိပ်ရရှိခဲ့ကြောင်း သိရသည်။