ကစားသမားဘ၀ (၁၀)လုံးမြောက်ဆုဖလားကို မာနေ ဆွတ်ခူးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနှင့်အတူ ဆုဖလားများစွာ ရယူလိုကြောင်း ကြုံးဝါးခဲ့

ဆီနီဂေါနာမည်ကြီးတိုက်စစ်ကစားသမား မာနေသည် ဂျာမန်စူပါဖလားပွဲစဉ်တွင် အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ကစားသမားဘ၀ (၁၀)လုံးမြောက်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပွဲအပြီးတွင် မာနေက လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဆုဖလားများစွာ ရယူသွားရန် ပစ်မှတ်ထားနေကြောင်း ကြုံးဝါးသွားခဲ့သည်။

ဇူလိုင်လ(၃၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်စူပါဖလားပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား လိုက်ပ်ဇစ်အသင်းအား (၅-၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး မာနေက (၃၁)မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို နာဘရီ၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။

ပွဲအပြီးတွင် မာနေက “ဘိုင်ယန်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါက ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ အသင်းနဲ့အတူ ဆုဖလားတွေ များစွာဆွတ်ခူးသွားနိုင်ဖို့ မျှော်လင့်နေမိပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့အသင်းကို ရောက်ရှိလာခဲ့လို့ ကျွန်တော် အမှန်တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ဂုဏ်ယူစရာတစ်ခု ဖြစ်သလို၊ အစစ်အမှန် ပျော်ရွှင်မှုလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အနာဂတ်ကို မျှော်လင့်စောင့်စားနေပါတယ်။ ကျွန်တော်တို့အသင်းက ပိုမိုကောင်းလာဖို့ရှိပြီး ဆုဖလားများစွာလည်း ရရှိနိုင်ပါတယ်” ဟု မာနေက ပြောကြားခဲ့သည်။

ဘိုင်ယန်နည်းပြ နာဂယ်စ်မန်းက မာနေနှင့်ပတ်သက်ပြီး “သူ့ထံကနေ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် ရရှိခဲ့ပါတယ်။ သူက မာနထောင်လွှားမှုမရှိဘဲ အောက်သက်ကျေတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အတွက် သူဟာ အရမ်းကောင်းတဲ့သူဖြစ်ပြီး အဝတ်အစားလဲခန်း အပါအဝင်ပေါ့” ဟု မှတ်ချက်ပြုခဲ့သည်။မာနေသည် ကစားသမားသက်တမ်းတစ်လျှောက်တွင် ဆုဖလားပေါင်း (၁၀)လုံး ရယူထားသော်လည်း ပြိုင်ပွဲတစ်ခုတွင် တစ်ကြိမ်သာ ဗိုလ်စွဲနိုင်သည့် သူ၏မှတ်တမ်းမှာလည်း အနည်းငယ် အံ့အားသင့်စရာ ကောင်းနေသည်။