အမေရိကန်လေဆိပ်များတွင် မျက်နှာများကို သိမှတ်နိုင်သည့် နည်းပညာအား စတင်အသုံးပြု

မျက်နှာများကို သိမှတ်နိုင်သော နည်းပညာကြောင့် အလွန်အကျွံ စေ့စေ့စပ်စပ်စစ်ဆေးခြင်းများကို ဖြစ်ပေါ်စေနိုင် သော်လည်း ဝါရှင်တန်ရှိ ဒါလပ်စ်လေဆိပ်တွင် စတင်အသုံးပြုနေသော ယင်းစနစ်သစ်မှာမူ ခရီးသွားများ ပြည့်ကျပ်ခြင်းကို လျှော့ချရာတွင် ကူညီပေးနိုင်သည့် အကျိုးပြုသော နည်းလမ်းတစ်ခုဟု အမွှမ်းတင်ခံနေရသည်။

ဒါလပ်စ်လေဆိပ်အရာရှိများသည် မျက်နှာများကို သိမှတ်နိုင်သောစနစ်သစ် (Facial Recogition) နှစ်ခုကို စက်တင်ဘာ ၆ ရက် က စတင်ပွဲထုတ်ပြခဲ့သည်။ ယင်းတို့ထဲမှ တစ်ခုမှာ အဝင်အထွက်မှတ်တမ်းများအတွက် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် စနစ်ဖြစ်သည်။ ဒုတိယတစ်ခုမှာမူ နိုင်ငံတကာ လေကြောင်းခရီးစဉ်များနှင့်အတူ ရောက်ရှိလာသော ခရီးသည်များ၏ လက်ရှိပုံစံနှင့် ဓာတ်ပုံများကို တူ၊မတူ တိုက်ပေးရခြင်းကို ပိုမိုမြန်ဆန်စေသည့်စနစ် ဖြစ်သည်။

မျက်နှာများကို သိမှတ်နိုင်သော နည်းပညာအား အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်း၌ စောင့်ကြည့်ရေးနှင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအကြောင်းအရာနှစ်ခုကြားတွင် အငြင်းပွားမှုများကို ဖြစ် ပေါ်စေခဲ့သည်။ သို့သော် သက်ဆိုင်ရာအရာရှိများကမူ ထိုစနစ်သည် စောင့်ရမည့်ကြာချိန်နှင့် တန်းစီရခြင်းတို့ကို လျှော့ချရာတွင် ကူညီပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟု မီဒီယာများကို ပြောကြားခဲ့ကြသည်။

“ဒီနည်းပညာက အလုပ်ဖြစ်ပါတယ်။ ဒါဟာ လျင်မြန်ပြီး အသုံး ပြုသူတွေအတွက် အကျိုးပြုပါတယ်။ ပြုပြင်ပြောင်းလဲရလွယ်ပြီး အသုံးစရိတ်အရလည်း ထိရောက်မှုရှိပါတယ်။ ဒါဟာ နိုင်ငံတကာခရီးသွားလာမှုရဲ့ စာမျက်နှာကို ပြောင်းလဲလိုက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်နာဖြစ်သူ ကီဗင်မက် အလီနန်က လေဆိပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုယ်ရေးအချက်အလက်များကို သိမှတ်နိုင်သောစနစ်ကြောင့်  ခရီးသည်၏မျက်နှာကို မြင်နိုင်ရုံဖြင့် လေယာဉ်ပေါ် တက်ခွင့်လက်မှတ်ယူသည့်အဆင့်ကို လျှော့ချနိုင်သည် ဟု သက်ဆိုင်ရာ အရာရှိများက ပြော ကြားခဲ့သည်။ “သင့်မှာ သယ်စရာတွေ များနေမယ်။ ဒါမှမဟုတ် ကလေးပါနေမယ်ဆိုတဲ့အချိန်မျိုးမှာ လေယာဉ်ပေါ်တက်ခွင့်လက်မှတ်နဲ့ စမ်းတဝါးဝါး ဖြစ်နေစရာ မလိုတော့ပါဘူး။ QR ကုဒ်ရှာရတာ၊ ဖုန်းကို Refresh ပြန်ချရတာတွေလည်း လုပ်စရာ မလိုတော့ပါဘူး” ဟု မက်အလီနန်က ပြောကြားခဲ့သည်။

ယင်းစနစ်နှင့်ပတ်သက်ပြီးပြု လုပ်ခဲ့သည့် တစ်ခုသော စမ်းသပ်မှုအတွင်း Airbus A380 ပေါ်သို့ ခရီးသည် ၃၅၀ တက်နိုင်ရေးသည် မိနစ် ၂၀ အတွင်း ပြီးသွားခဲ့ကြောင်း ( ပုံမှန်အချိန်၏ ထက်ဝက်သာ ကြာခဲ့ကြောင်း) သိရသည်။