ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အာဆီယံအလှည့်ကျ ဥက္ကဌ ၏ အထူးကိုယ်စားလှယ် Excellency PARK Sokhonn (Deputy Prime Minister, Minister of foreign Affairs and lnternational Cooperation of the Kingdom ofCambodia and Special Envoy of the ASEAN Chair.) ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးပါတီများ တွေဆုံသော အခမ်းအနားသို့ တက်ရောက်

ရန်ကုန်- ဇူလိုင်  ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  Lotte Hotel ၌ ကျင်းပပြုလုပ်သည့် အာဆီယံအလှည့်ကျဥက္ကဌ ၏ အထူးကိုယ်စားလှယ် Excellency PARK Sokhonn နှင့်နိုင်ငံရေးပါတီများတွေ့ဆုံသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အာဆီယံဘုံသဘောတူညီချက် (၅)ချက်မှ နိုင်ငံရေး ပါတီများနှင့် သက်ဆိုင်သောအပိုင်းများအား အတတ်နိုင်ဆုံးဖြည့်ဆည်းလုပ်ဆောင်လျက်ရှိကြောင်း၊ လတ်တလော အခြေအနေကို အကောင်းဆုံးလွန်မြောက်ရန်အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေ အခင်းအကျင်းရှိရန်လိုအပ်ကြောင်း၊လတ်တလောအကျပ်အတည်းများသည် တိုင်းပြည်၏ ဖွဲ့စည်းပုံပြသနာတွင် တစိတ်တပိုင်းအခြေခံသည်ဖြစ်၍ အားလုံးမျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်မည့် အခြေခံဥအဒေဖြစ် အောင်လည်း အဆင့်ဆင့် ဆောင်ရွက်သင့်ကြောင်း၊ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆိုင်ရာပဋိဉာဉ်များ၊ အသင်းအဖွဲ့စည်းမျဉ်းများကို လိုက်နာရန် လိုအပ်သကဲ့သို့ နိုင်ငံတစ်ခုတွင်လည်း တည်ဆဲဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက် သင့်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေး၊ အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးနှင့် ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် ရည်မှန်းချက်ထားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ညီနောင်ပါတီများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံ၏ လတ်တလောအကျပ်အတည်းများကို အမြန်ဆုံးဖြေရှင်းလွန်မြောက်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှု များကို လှိုက်လှဲစွာကြိုဆိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်ပါတီဥက္ကဌ ဦးသန်းဌေးက အာဆီယံမူ(၅)ချက်မှ ပထမအချက်ဖြစ်သော အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်ရေး၊ ပါတီအားလုံးအစွမ်းကုန်ထိန်းချုပ်ဆောင်ရွက်ကျင့်သုံးရေးနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက အကြမ်းဖက်လမ်းစဉ်ကိုလုံးဝလက်မခံသလို ကျင့်သုံးခြင်းလဲမရှိကြောင်း၊ မိမိပါတီကိုအတတ်နိုင်ဆုံးထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး  ဇွန်လကုန်ထိအကျုံးဝင်သော NUG နှင့် PDF တို့၏ ပယောဂကြောင့် သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရသည့်  ပါတီဝင်များ၊ ပါတီအားပေးထောက်ခံသူများ၊ မိသားစုဝင်များ၏ အချက်အလက် ဓါတ်ပုံအထောက်အထားများပါဝင်သော အိတ်ဖွင့်ပေးစာကို အာဆီယံအထူးကိုယ်စားလှယ်ထံသို့ပေးအပ်ခဲ့ပါသည်။