ဘင်္ဂလားဒေ့ရှ်၏ အရှည်ဆုံးတံတား စတင်ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ နိုင်ငံရဲ့ အရှည်ဆုံး တံတားကြီးကို စနေနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကြောင့် နှောင့်နှေးဆုတ် ယုတ်မှုတွေရှိနေတဲ့ကြားက အချိန် ရှစ်နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အရှည်ဆုံးတံတားကြီးလည်း ဖြစ်ပါတယ်။

ပက်ဒ်မာမြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားတဲ့ ဒီတံတားဟာ အရှည် ၄ မိုင်ကျော်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် ခန့်မှန်းခြေ  အမေရိကန် ဒေါ်လာ ၃.၆ သန်း ရှိပါတယ်။ ဒီတံတားဟာ မြို့တော်ဒက္ကာနဲ့ ဒုတိယအကြီးဆုံး မုန်ဂလာ ဆိပ်ကမ်းမြို့အကြား ခရီးမိုင် ၆၂ မိုင်ကို ချုံပေးနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းက အနည်းဆုံး ခရိုင် ၂၁ ခုကို ဆက်သွယ်ပေမယ့် မြစ်ကူးတံတား လည်းဖြစ်ပါတယ်။  ဒီတံတားစီမံကိန်းဟာ တရုတ်ရဲ့ ပိုးလမ်းမ စီမံကိန်းထဲက တစ်ခုအဖြစ် တိုက်ရိုက် မဆက်နွယ်ပေမယ့် တရုတ်တံတားတည်ဆောက်ရေး အင်ဂျင်နီယာ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

အဲဒီအတွက်လည်း ပေကျင်းက ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ မှတ်တိုင်တစ်ခုအဖြစ် ဒီတံတားကို ရှုမြင့်ထားပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ဒီတံတားဖွင့်လှစ်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်း အသားတင်ထုတ်ကုန် ဂျီဒီပီကိုတိုးတက်လာစေဖို့ရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၄၆၅ ဘီလီယံတန်တဲ့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဟာ  ၂၀၂၁-၂၀၂၂ ကြားမှာ ဂျီဒီပီ ၆.၉ ရာခိုင်မှုန်းတိုးတက်မှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ မှာတော့ ၇.၁ ရာခိုင်မှုန်းတိုးတက်မယ်လို့ ခန့်မှန်း ထားပါတယ်။