အယ်လ်ခီလိုင်ဖီကို စိတ်ခုနေတဲ့ တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီ က ထွက်ခွာဖွယ်ရှိ

ဘရာဇီးတိုက်စစ်မှူး နေမာ က ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ် ခီလိုင်ဖီကို စိတ်ခုနေပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း ပြင်သစ် က သတင်းတွေက ဖော်ပြကြပါတယ်။ ဇူလိုင် ၁ ရက်မှာ သူ့ရဲ့ ပီအက်စ်ဂျီ စာချုပ်က ၂၀၂၇ ခုနှစ် အထိ အလိုအလျောက် သက်တမ်း တိုးသွားမှာ ဖြစ်ပေမယ့် ၂၀၁၇ တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားဖြစ်ခဲ့တဲ့ နေမာ က အသင်းပြောင်းဖို့ မျှော်မှန်းနေတယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီ က သူတို့ရဲ့ ကြယ်ပွင့်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ၃၀ နှစ်အရွယ် နေမာကလည်း သူ့နဲ့ ပီအက်စ်ဂျီနဲ့လက်တွဲတာ အဆုံးသတ်တော့မယ်ဆိုတာကို လက်ခံထားပြီလို့ RMC သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ လက်တွဲဖြုတ်ကြဖို့ကိုလည်း နှစ်ဖက်စလုံး က သဘောတူထားပြီလို့လည်း ဆိုပါတယ်။

မကြာသေးခင် က Le Parisien သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အသင်း ဥက္ကဌ အယ်လ် ခီလိုင်ဖီ က “နေမာ ဒီနွေရာသီမှာ ထွက်ခွာနိုင်သလားဆိုတော့ ပြီးခဲ့တဲ့ရာသီက ကစားသမားတွေ အားလုံး အများကြီးပိုပြီး စွမ်းဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။” လို့ ပြောခဲ့ပြီး နေမာ က အဲဒါကို အစာမကြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ရာသီ က ၂၈ ပွဲပဲ ကစားနိုင်ခဲ့ပြီး ၁၃ ဂိုးပဲ သွင်းယူခဲ့ပါတယ်။ နေမာကို မန်ယူ ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

-Ref: Marca