ဗိုလ်လောင်းဝင်ခွင့်အတွက် အသက်တိုးမြှင့်ခေါ်ယူ

စစ်တက္ကသိုလ် သုံးခုအတွက် ဗိုလ်လောင်း ခေါ်ယူရာမှာ အရင်နှစ်ထက် အသက်တိုးမြှင့် ခေါ်ယူထားတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ပါတယ်။

စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ် နဲ့ တပ်မတော် ဆေးတက္ကသိုလ်အတွက် ဗိုလ်လောင်း ဝင်ခွင့် ခေါ်ယူရာမှာ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီ (၁) ရက်ထိ အသက် (၁၆) နှစ်အောက် မငယ်ရ၊ အသက် (၁၈) နှစ်ထက် မကြီးရအစား အသက် (၁၆) နှစ်အောက် မငယ်ရ၊ အသက်(၁၈)နှစ် (၆)လအထိ တိုးမြှင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ဖြစ်ပွားမှုကြောင့် ကျောင်းမဖွင့်ခဲ့ရတဲ့ အခြေအနေရှိခဲ့ပြီး အသက် ရက်ပိုင်း လပိုင်း ကျော်လွန်တာ တွေ ရှိခဲ့တဲ့အတွက် အသက်တိုးမြှင့် ခေါ်ယူတာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်လောင်းဝင်ခွင့် လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေမှာ လျှောက်ထားနိုင် တယ်လို့လည်းဆိုပါတယ်။ စစ်တက္ကသိုလ်သုံးခုအတွက် နှစ်စဉ် ဗိုလ်လောင်းခေါ်ယူရာမှာ တက္ကသိုလ်တစ်ခု ချင်းအတွက် လူဦးရေ အယောက် တစ်ထောင် နီးပါးလောက် လျှောက်ထားကြပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီသူတွေကို တက်ရောက်ခွင့် ပြုတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။