NCA သည် လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဆုံချက်ဟု PNLO ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) သည် လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဆုံချက်ဖြစ် သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် လုပ်ဆောင်နိုင်သောနည်းလမ်းမှာ NCA တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

NCA သည် လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆုံချက်ဖြစ်ပြီး ပြည်သုလူထု တစ်ရပ် လုံးအနေနှင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုတွင် ပါဝင်နိုင်ရန် အာမခံချက်ပေးနိုင်မည့် အခြေခံကျသော အချက်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုရရှိရန် ဖိုရမ်များ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တစ်ဦးနဲ့ တစ်ဦးကြားမှာရှိတဲ့ ယုံကြည်မှု ခိုင်မြဲလာတာနဲ့အမျှ စိန်ခေါ်မှုတွေကို ဖြေရှင်းသွားနိုင်မှာပါ” ဟု ဦးခွန်မြင့်ထွန်းက ဆက်လက် ပြောဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၌ တစ်ဦးတစ်ဖွဲ့တည်းအနေနှင့် လူစွမ်းကောင်းလုပ်၍မရကြောင်း ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးမြောက် အောင်မြင်နိုင်မည်ဖြစ်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေး ပါသည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဗိုလ်မှူးစိုင်းဦးက ပြောကြားသည်။

“နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်နဲ့ဖြေရှင်းနေလို့ တိုက်ပွဲတွေဖြစ်နေကြတာပါ” ဟု ၎င်းက ဆိုသည်။

ရပ်တည်မှု မတူညီသောကြောင့် တိုက်ပွဲများ ဖြစ်နေရခြင်းဖြစ်ရာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုပါက တွေဆုံ ညှိနှိုင်း ဖြေရှင်းရမည်ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဦးက ထပ်လောင်းပြောကြားသည်။

The Voice


Leave a Reply