ဟွန်ဒိုင်းက တောင်ကိုရီးယားတွင် မောင်းသူမဲ့တက္ကစီများ စတင်ပြေးဆွဲ

တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီဟာ အလိုအလျောက် မောင်းနှင်နိုင်မှု အဆင့်လေးရှိတဲ့ Ioniq-5 ကို ထုတ်ဖော် ကြေညာခဲ့ပြီး လက်ရှိမှာတော့ အဲဒီကားအမျိုးအစားနဲ့ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုကို ဆိုးလ်မြို့မှာ စတင်စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပါတယ်။

ဆိုးလ်မြို့တော်ဝန်နဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ဟာ ဂန်နမ်ခရိုင်မှာ ပြေးဆွဲနေတဲ့ အဲဒီဝန်ဆောင်မှုကို ပထမဆုံးလိုက်ပါစီးနှင်းခဲ့ပါတယ်။ လက်ရှိမှာတော့ မော်တော်ယာဉ် ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းတစ်ဦးပါရှိပါတယ်။

ဒီလို ယာဉ်မောင်းမထားဘဲ ဘယ်အချိန်မှာ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှု ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြေးဆွဲနေတဲ့ Ioniq-5 မောင်းသူမဲ့တက္ကစီမှာ ခရီးသည်သုံးဦးအထိ လိုက်ပါစီးနှင်းနိုင်ပြီး အစပိုင်းမှာတော့ ဝန်ထမ်းတွေသာ စီးနင်းနိုင်မယ်လို့ ဟွန်ဒိုင်းကဆိုပါတယ်။

Ioniq-5 ကို မိမိတို့တီထွင်ထားတဲ့ Advanced Driver Assistance System (ADAS) ကို အခြေခံပြီး အလိုအလျောက် မောင်းနှင်နိုင်တဲ့ အဆင့် ၄ အဖြစ် တီထွင်ထုတ်လုပ်လျက်ရှိပြီး လုပ်ဆောင်ချက်နဲ့ ဘေးကင်းလုံခြုံမှုတွေကို အတည်ပြုပြီးရင်တော့ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်သွားမယ်လို့ ဟွန်ဒိုင်းရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Woongjun Jang က ပြောပါတယ်။

ဟွန်ဒိုင်းရဲ့ မောင်းသူမဲ့တက္ကစီကို Waymo နဲ့ Cruise တို့လိုပဲ i.M အက်ပလီကေးရှင်းကနေ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟွန်ဒိုင်းရဲ့ မောင်းသူမဲ့ တက္ကစီ စမ်းသပ်မှုကို ဂန်နမ်ဒေသမှာသာ ပြေးဆွဲနေပြီး အခြားဒေသတွေရဲ့ မီးပွိုင့်စနစ်တွေက မောင်းသူမဲ့ကားတွေနဲ့ လိုက်လျောညီထွေ ဆက်သွယ်မှုမရှိသေးတာကြောင့်လို့ ဟွန်ဒိုင်းက ပြောပါတယ်။