မျက်နှာမှတ်မိတဲ့ အလိုအလျောက် မောင်းသူမဲ့လေယာဉ်တွေ အမေရိကန်လေတပ် တီထွင်

အမေရိကန်လေတပ်ဟာ အလိုအလျောက်မောင်းသူမဲ့လေယာဉ်တွေအတွက် မျက်နှာမှတ်မိပြီးတိုက်ခိုက်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး အက်ဖ်တီအာစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆီရက်တယ်လ် အခြေစိုက် RealNetworks ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အဲဒီမောင်းသူမဲ့လေယာဉ်တွေကို နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့အပြင် ထောက်လှမ်းရေး နဲ့ အထူးစစ်ဆင်ရေးတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်လေတပ်ဟာ မောင်းသူမဲ့လေယာဉ်တွေအတွက် အခုလို ဉာဏ်ရည်တုနည်းပညာသုံး မျက်နှာမှတ်မိတဲ့ နည်းပညာကိုတီထွင်မှု အောင်မြင်မှုကြောင့် လူတစ်ဦးချင်းစီကို မောင်းသူမဲ့လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက် လာနိုင်ခြေအပေါ် စောင့်ကြည့်လေ့လာသူတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

အဲဒီနည်းပညာကို လုံခြုံရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးချနိုင်ဖွယ်ရှိပြီး ဉာဏ်ရည်တု နည်းပညာက အချိန်နဲ့တစ်ပြေးညီ အလိုအလျောက်တုံ့ပြန်နိုင်တဲ့အတွက် အထူးစစ်ဆင်ရေးတွေအပါအဝင် စူးစမ်း လေ့လာရေးလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်တယ်လို့ RealNetworks ကုမ္ပဏီက ပြောပါတယ်။

မောင်းသူမဲ့လေယာဉ်တွေမှာ မျက်နှာမှတ်မိတဲ့နည်းပညာကို ဒူဘိုင်းမှာတော့ တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ မဆင်မခြင်စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတွေကို ရှာဖွေဖို့အတွက် အသုံးပြုနေပြီး စစ်ရေးအတွက်ကိုတော့ ၂၀၂၁ ခုနှစ်မှာ လစ်ဗျားတပ်ဖွဲ့တွေ အသုံးပြုခဲ့ဖူးတယ်လို့ ကုလသမဂ္ဂက အခိုင်အမာပြောဆိုထားပါတယ်။