ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို လီဗာပူးခေါ်ယူ

 

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကနဦးပေးချေမှု ယူရို ၇၅ သန်းနဲ့ရောင်းချဖို့ကို လီဗာပူးနဲ့သဘောတူညီမှုရပြီလို့ ဘင်ဖီကာအသင်းကကြေညာခဲ့ပါတယ်။

ထပ်ဆောင်းကြေး ယူရိုသန်း ၂၀ လည်းပါဝင်တဲ့ သဘောတူညီမှုက နူနက်ဇ်တစ်ယောက် လီဗာပူးနဲ့ အလုပ်ခန့်အပ်ကြောင်း စာချုပ်လက်မှတ်ထိုးမှ အတည်ဖြစ်မယ်လို့ ဘင်ဖီကာ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြပါတယ်။

နူနက်ဇ်က ပေါ်တူဂီထိပ်တန်းလိဂ်ရဲ့ ၂၀၂၁-၂၂ ရာသီ ဂိုးသွင်းဘုရင်ဖြစ်ပြီး ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူခဲ့ကာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွားတားဖိုင်နယ်ပွဲ နှစ်ကျော့မှာလည်း ဂိုးတွေသွင်းယူခဲ့ပါတယ်။

သူက တိုက်စစ်အလယ်မှာရော ဘေးတောင်ပံပါ ထွက်ကစားတတ်တာကြောင့် ဘိုင်ယန်မြူးနစ်ကိုပြောင်းမယ်လို့ သတင်းပြေးနေတဲ့ မာနေးနေရာမှာ အစားထိုးဖို့အကောင်းဆုံးလို့ ဆိုပါတယ်။

ဘင်ဖီကာ က နူနက်ဇ်ကို ယူရို ၂၄ သန်းနဲ့ စပိန်အသင်း အယ်လ်မာရီယာကနေ ၂၀၂၀ နွေရာသီကဝယ်ယူခဲ့တာဖြစ်ပြီး အခုအပြောင်းအရွှေ့မှာ အယ်လ်မာရီယာက အမြတ်နှစ်ဆယ်ရာခိုင်နှုန်းရမယ်လို့ ဆိုပါတယ်။