ယူကရိန်းအတွက် ရန်ပုံငွေသစ် တစ်ဘီလီယံခွဲကို ကမ္ဘာ့ဘဏ်အတည်ပြု

အစိုးရအဖွဲ့နဲ့လူမူရေးဝန်ထမ်းတွေရဲ့ လစာတွေပေးအပ်နိုင်ဖို့ ယူကရိန်းအတွက် နောက်ထပ်ကန်ဒေါ်လာ  ၁ ဒသမ ၄၉ ဘီလီယံကို ကမ္ဘာ့ဘဏ်ရဲ့အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ပြီး စုစုပေါင်းအကူအညီ ကန်ဒေါ်လာ လေးဘီလီယံကျော်ရှိလာခဲ့ပါတယ်။

ဗြိတိန်၊ နယ်သာလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားတို့ထံမှ ဘဏ္ဏာရေးအာမခံချက်များရရှိခဲ့ပြီးနောက် ယူကရိန်းအတွက် အကူအညီကိုအတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။ အီတလီနဲ့ အခြားအလှူရှင်အများအပြားပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကလည်း အားပေး ထောက်ခံခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။

စစ်ပွဲကြောင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းအများစုရပ်ဆိုင်းသွားကြောင်းနဲ့ စစ်ဆင်နွှဲနေရစဉ် အစိုးရလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး ရေတိုကာလအတွက် တစ်လကိုအနည်းဆုံး ကန်ဒေါ်လာ ၅ ဘီလီယံလိုအပ်တယ်လို့ ယူကရိန်းကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကလည်း ထိပ်တန်းစက်မှုနိုင်ငံကြီးများအဖွဲ့ ဂျီ ၇ မှ ဘဏ္ဍာရေးခေါင်းဆောင်တွေက ရန်ပုံငွေအသစ် ကန်ဒေါလာ ၉.၅ ဘီလီယံကို ထပ်မံကတိပြုခဲ့ကြပြီး စုစုပေါင်းသူတို့အဖွဲ့ထောက်ပံ့မှု ဘီလီယံ ၂၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က အလှူရှင်နိုင်ငံအများအပြားနဲ့ပူးပေါင်းပြီး ယူကရိန်းက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေနဲ့လမ်းလုပ်ငန်းတွေကို ထောက်ပံ့ဖို့လုပ်ဆောင်နေပါတယ်။

စစ်ပွဲကြောင်းဖြစ်ပေါ်လာတဲ့ဒုက္ခတွေအပြင် ယူကရိန်းမှာ ဆင်းရဲမွဲတေမှုနဲ့ နေထိုင်မှုအခြေအနေများ ပိုမိုပျက်ဆီး ယိုယွင်းမှုမရှိစေဖို့ အဲဒီအခြေခံဝန်ဆောင်မှုတွေလိုအပ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့အရှေ့ဥရောပဒါရိုက်တာ အာရွတ် ဘာနာဂျီက ထုတ်ပြန်ချက်မှာပြောကြားပါတယ်။

-Ref: Reuters