အရေးယူပိတ်ဆို့မှုများ မဖြေလျှော့ပါက နျူလက်နက်စွန့်လွှတ်မည်မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

စက်တင်ဘာ ၂၉ ရက်က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောနေသော မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို (Mary Altaffer/AP)

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ပြုံယမ်းအစိုးရအပေါ် ဆက်လက်ချမှတ်ထားသရွေ့ နျူလက်နက် စွန့်လွှတ်မည် မဟုတ်ကြောင်း နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟို က ပြောသည်။

ကုလအထွေထွေညီလာခံသို့ တက်ရောက်လာသော မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေး ဆွေးနွေးပွဲအခြေအနေ ရပ်ဆိုင်း နေရခြင်းသည် ဝါရှင်တန်အစိုးရ ကြောင့် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

‘‘အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်မှာ အမေရိကန်က နိုင်ထက်စီးနင်းပြုတဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မကြာသေးမီက နှစ်နိုင်ငံ နျူဆွေးနွေးမှု ရပ်ဆိုင်းခဲ့တာပါ။ အမေရိကန်အစိုးရအနေနဲ့ ယုံကြည်မှု မရှိဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံ့ လုံခြုံရေးနဲ့ အလားတူအခြေအနေတွေမှာလည်း ယုံကြည်စိတ်ချဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်က နျူလက်နက်အရင်ဖြုတ်သိမ်းမှာ မဟုတ်ပါဘူး’’ဟု ရီယောင်ဟိုက ပြော သည်။

 ယမန်နှစ်က အမေရိကန် ဦးဆောင်၍ ကုလလုံခြုံရေးကောင်စီ၌ ပြုံယမ်းအစိုးရ၏ နျူလက်နက်နှင့် ပဲ့ထိန်းပစ် ဒုံးကျည် စမ်းသပ်မှုများသို့ ဘဏ္ဍာငွေစီးဝင်မှု ဖြတ်တောက်ရန် ရည်ရွယ်ကာ မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှု သုံးခုချမှတ်ခဲ့သည်။

ဇွန်လတွင် စင်ကာပူ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက်ကင်းစင်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ သော်လည်း နောက်ပိုင်း၌ အဆိုပါ နျူလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

နယူးယောက်မြို့သို့ ရောက်ရှိနေသော ရီယောင်ဟိုနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုတို့ တွေ့ဆုံခဲ့ပြီး မိုက်ခ်ပွန်ပီယိုသည် နျူကိစ္စဆွေးနွေးရန် ရှေ့လတွင် မြောက်ကိုရီးယားသို့ လာရောက်ရန် သဘောတူညီခဲ့သည်။

အဆိုပါ မြောက်ကိုရီးယား ခရီးစဉ်တွင် မိုက်ခ်ပွန်ပီယိုသည် ထရန့်နှင့် ကင်ဂျုံအန်အကြား ဒုတိယအကြိမ် ထိပ်သီး တွေ့ဆုံရန် ကြိုးပမ်းမည်ဖြစ်သည်။

—Ref: AFP