ယူကရိန်း၏ ဆီဗီရိုဒိုးနက်မြို့၌ တိုက်ပွဲများပြင်းထန်နေပြီး မြို့တော်ကိယက်ဗ်တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွား

ယူကရိန်း အရှေ့ပိုင်းရှိ မဟာဗျူဟာ အချက်အချာကျသော ဆီဗီရိုဒိုးနက်မြို့တွင် ယူ ကရိန်းတပ်ဖွဲ့ဝင် များက ရုရှားတပ်များကို အပြင်းအထန် ခုခံတွန်းလှန်နေစဉ် ဇွန် ၅ ရက်က ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ဆီဗီရိုဒိုးနက်မြို့၏ လမ်းမများတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ကိယက်ဗ်မြို့ရဲ့ ဒါနစ်စကီနဲ့ ဒီနီပ- ရော့စကီး ဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး မီးသတ် ဝန်ထမ်း တွေက မီးငြှိမ်းသတ် နေပါတယ်” ဟု ကိယက်ဗ်မြို့တော်ဝန် ဗစ်-တာလီ ကလစ်ရှ်ကိုက Telegram မှတစ်ဆင့် ပြောကြားခဲ့သည်။ ကိယက်ဗ်နှင့် အခြားမြို့ အချို့တွင် လေကြောင်း တိုက်ခိုက် ခံရမှု သတိ ပေးဥသြသံများ ထွက်ပေါ်ခဲ့သည်။

“အခြေခံ အဆောက်အအုံတွေကို ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ခံရမှုကြောင့် လတ်တလော လူသေဆုံးမှု မရှိသေးပါဘူး။ ဒဏ်ရာရသူ တစ်ဦးကိုတော့ ဆေးရုံတင်ထားရပါတယ်” ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။ ဧပြီ ၂၈ ရက်တွင် ရုရှားဒုံးကျည် ထိမှန်မှုကြောင့် အမေရိကန်က ငွေကြေးထောက်ပံ့ထားသော Radio Free Europe/ Radio Liberty အသံလွှင့်ဌာနမှ အစီအစဉ်ထုတ် လုပ်သူတစ်ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း ပထမ ဆုံးအကြိမ်အဖြစ် ကိယက်ဗ်မြို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွင် မီးရထား အခြေခံအ ဆောက်အအုံကို အဓိက တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ယူကရိန်းအစိုးရ တာဝန်ရှိသူများက ဆိုသည်။

သီးခြားဖြစ်စဉ်အဖြစ် ဆီဗီရိုဒိုးနက်မြို့ တည်ရှိရာ လူဟန့်ဒေသ၊ အနီးဝန်းကျင်ရှိ ဒိုး နက်ဒေသနှင့် ယူကရိန်းတောင်ပိုင်း မီကို လိုက်ဗ်မြို့တို့တွင် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သတင်း ဖော်ပြချက် များအရ သိရသည်။  “ဆီဗီရိုဒိုးနက်မြို့ရဲ့ အခြေအနေဟာ အလွန်အမင်း ခက်ခဲနေပြီး လမ်းမတွေပေါ် မှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပါ တယ်” ဟု သမ္မတ ဇယ်လန်စကီးက ဇွန် ၄ ရက် ညပိုင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ရုရှား၏ထိုးစစ် ဗဟိုပြုရာ နိုင်ငံအရှေ့ ပိုင်း ဒွန်းဘတ်စ်ဒေသရှိ မြို့များသည် လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ် မှုနှင့် ဒုံးကျည်ဖြင့် ပစ်ခတ်မှုဒဏ်ကို အဆက် မပြတ် ကြုံတွေ့နေရသော်လည်း ယူကရိန်း တပ်ဖွဲ့ဝင်များက သူတို့၏ ခြေကုပ်နေရာများ ကို ဆက်ထိန်းထားဆဲ ဖြစ်ကြောင်းလည်း သမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့သည်။