ဗီလာပတ်ခ်ကို ရောက်လာတဲ့ လီဂူးမြေက မဟူရာကြယ်

ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ မာဆေးလ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့စဉ်က ပုံစံကောင်းပြခဲ့တဲ့ ကာမာရာကို ဥရောပကလပ် အသင်းတော်တော် များများစောင့်ကြည့်ခဲ့ကြပြီး အက်စတွန်ဗီလာ အသင်းက လက်ဦးမှုရယူ ခဲ့တာ ဖြစ်ပါတယ်။ ကာမာရာဟာ မာဆေးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ကို စွန့်လွှတ်ပြီး အင်္ဂလန် မြေကို အခြေချခဲ့တာလည်း ဖြစ်တယ်။ နောက်တစ်ခုက အက်စတွန်ဗီလာမှာ ကစားနေတဲ့ ပြင်သစ်နောက်ခံလူ ဒစ်ဂ်နေးနဲ့ ကာမာရာဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတချို့ရှိတယ်။ ဒစ်ဂ်နေးနဲ့ ကာမာရာတို့ဟာ စကားတွေ ပြောဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ဖို့ ကာမာရာ ဆုံးဖြတ်ခဲ့ပါတယ်။ “

ကျွန်တော် လူးကပ်စ်(ဒစ်ဂ်နေး)နဲ့ စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ သူက ဒီအသင်း(အက်စတွန်ဗီလာ)ရဲ့ အနာဂတ် အစီစဉ်တွေကို ကျွန်တော့်ကို ရှင်းပြတယ်။ သူပြောတာ သဘာဝကျပြီး ကျွန်တော်ဒီအသင်းမှာ ကစားဖို့ ဆုံးဖြတ်ချက်ချ နိုင်တဲ့အထိ ဖြစ်လာတာပါပဲ” ဒီစကားကိုတော့ ကာမာရာက အက်စတွန်ဗီလာ အသင်းနဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ ဖွင့်ဟခဲ့တာပါ။