ချန်ပီယံဆုကာကွယ်ရန် သက်ထားသူဇာ ကင်ညာနိုင်ငံသို့ ထွက်ခွာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကင်ညာနိုင်ငံ၌ ကျင်းပမည့် Kenya International 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ရန် ဖေဖော်ဝါရီ ၂၄ ရက်က ယူဂန္ဓာနိုင်ငံမှ ကင်ညာနိုင်ငံသို့ ထွက်ခွာသွားသည်။

သက်ထားသူဇာသည် ယခုလအတွင်း ချန်ပီယံကာကွယ်ပွဲများ ဆက်တိုက်ကစားနေပြီး ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် Uganda International ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ပြီးနောက် ကင်ညာပြိုင် ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ Kenya International 2020 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် Future Series ပြိုင်ပွဲလည်းဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ယင်းပြိုင်ပွဲတွင် ချန်ပီယံဆုရထားသောကြောင့် ချန်ပီယံဆု ပြန်လည်ကာကွယ်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်တွင် ပါကစ္စတန်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သက်ထားသူဇာသည် ဥရောပနိုင်ငံများတွင် ပြိုင်ပွဲများမယှဉ်ပြိုင်မီ အာဖရိကနိုင်ငံများသို့ သွားရောက် ကာ ချန်ပီယံဆုများ ကာကွယ်ခြင်းဖြစ်သည်။

ကြေးမုံ