တန်းဆင်းခဲ့ရပါက လစာထက်ဝက်လျှော့ချခံရမယ့် ဝက်စ်ဟမ်း ကစားသမားများ

ဒီရာသီအကုန်မှာ ပရီးမီးယာလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရမယ်ဆိုရင် ဝက်စ်ဟမ်းကစားသမားတွေဟာ လစာထက်ဝက် လျှော့ချခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ကစားပြီးချိန်မှာ နိုင်ပွဲ(၆)ပွဲသာ ရရှိထားပြီးရမှတ်(၂၄)မှတ်နဲ့ အဆင့်(၁၈)နေရာမှာရုန်းကန်နေရပါတယ်။ ဝက်စ်ဟမ်း ကစားသမားတွေဟာ အသင်းနဲ့စာချုပ်ချုပ်ဆိုစဉ်က အသင်းတန်းဆင်းခဲ့ရမယ်ဆိုရင်ဘဏ္ဍာရေး ပြဿနာ ဖြေရှင်းဖို့အတွက် လစာလျှော့ယူရမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းမှာ လစာအများဆုံး ရရှိနေသူတွေဟာ(၅၀)ရာခိုင်နှုန်းအထိလျှော့ ချခံရမှာပါ။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရမယ်ဆိုရင် ရုပ်သံဝင်ငွေ၊ စပွန်ကြေးအစရှိတဲ့ ဝင်ငွေ တော်တော်များများ ဆုံးရှုံးရမှာဖြစ်ပါတယ်။ လက်ရှိမှာအသင်းကအဆင့်(၁၈)နေရာရပ်တည်နေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့(၈)ပွဲမှာတစ်ပွဲသာ အနိုင်ရထားတာကြောင့်တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။