ကမ္ဘာ့ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်(၄)ခု ဆွတ်ခူး

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပနေတဲ့(၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် လှေလှော်အသင်းက ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခုနဲ့ ကြေးတံဆိပ်(၅)ခု ရရှိခဲ့ပါတယ်။ ရရခဲ့တဲ့ ရွှေတံဆိပ်တွေထဲက ရွှေတံဆိပ်(၃)ဆုဟာ အမျိုးသမီး(၂၄)နှစ်အောက် (၁၀)တက် လှေအမျိုးအစားဖြစ်ပြီး မီတာ (၂၀၀၀) ၊ မီတာ(၅၀၀)နဲ့ မီတာ(၂၀၀) ပြိုင်ပွဲတွေကနေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလှေလှော်အသင်းနည်းပြ ဦးသိန်းဝင်းက ပြောပါတယ်။ နောက်ထပ်ရွှေတံဆိပ်(၁)ဆုကတော့ အမျိုးသား၊ အမျိုးသမီး (၂၄)နှစ်အောက် (၁၀)တက် မီတာ(၂၀၀၀) ပြိုင်ပွဲကနေ ရရှိခဲ့တာလို့လည်း ပြောပါတယ်။ မြန်မာ့လက်ရွေးစင်လှေလှော်အသင်းဟာ ပြိုင်ပွဲ(၅)ရက်အတွင်း ပွဲစဉ်(၁၅)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ဥရောပနိုင်ငံတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ကြိုးစားအားထုတ်တာတွေ ပိုမိုပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း အထောက်ကူဖြစ်စေတယ်လို့ ဦးသိန်းဝင်းက ပြောကြားပါတယ်။