ရီးရဲမက်ဒရစ်အသင်းနည်းပြရာထူးအတွက် ဂျာဂျင်ကလော့အား ရီးရဲအသင်းတာဝန်ရှိသူများ ပစ်မှတ်ထားနေ

စပိန်လီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများသည် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်၌ နည်းပြ ဇီဒန်းနှင့် လမ်းခွဲဖြစ်ခဲ့ပါက လီဗာပူးအသင်းမန်နေဂျာ ဂျာဂျင်ကလော့အား ရီးရဲအသင်း နည်းပြသစ်အဖြစ် အစားထိုးရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ဂျာမနီလူမျိုး မန်နေဂျာ ဂျာဂျင်ကလော့(၅၀နှစ်) ၏ လီဗာပူးအသင်းအတွက် စွမ်းဆောင်ပေးမှုများအပေါ် ရီးရဲမက်ဒရစ် အသင်းတာဝန်ရှိသူများက နှစ်သက်လေးစားမှု ရှိနေသည်ဟု ဆိုသည်။ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ ကာကွယ်ပေးနိုင်ခြင်းမရှိပါက ရာထူးမှ ထုတ်ပယ်ခံ ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ယခုနှစ် စပိန်လီဂါပြိုင်ပွဲတွင် ရီးရဲအသင်းအနေဖြင့် ချန်ပီယံဆုဆွတ်ခူးနိုင်ရန် ခက်ခဲနေခြင်းကြောင့် နည်းပြဇီဒန်း အနေဖြင့် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်မှသာ ရီးရဲ အသင်း နည်းပြရာထူးကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိဖွယ်ရှိနေသူဖြစ်သည်။ ဒေါ့မွန်အသင်းနည်းပြဟောင်း ဂျာဂျင်ကလော့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် လီဗာပူးအသင်းနှင့် ၆ နှစ်သက်တမ်းရှိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် လီဗာပူးအသင်းအား ၂၀၂၂ ခုနှစ် နွေရာသီအထိ တာဝန်ယူခွင့် ရရှိထားသူဖြစ်သည်။

မန်နေဂျာ ဂျာဂျင်ကလော့အား ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ သို့သော်လည်း ရီးရဲမက်ဒရစ်အသင်းသည်သာ မန်နေဂျာ ဂျာဂျင်ကလော့အား ပိုမိုဆွဲဆောင်မှု ရှိသည့်အသင်း အဖြစ် ရှိနေကြောင်း ဂျာမနီမီဒီယာများက ရေးသားဖော်ပြထားကြသည်။

ရီးရဲအသင်း၏ နာမည်ကျော် ကစားသမားဟောင်းတစ်ဦးဖြစ်သူ နည်းပြ ဇီဒန်းသည် ၂၀၁၆ ခုနှစ်အတွင်းတွင် ရီးရဲအသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ရီးရဲအသင်းအတွက် စပိန်လီဂါ ချန်ပီယံဆုဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလားနှစ်ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၈ လုံး ရယူပေးထားသူဖြစ်သည်။

-Ref; Sky sports