မြို့တော်သစ် တည်မည့်နေရာကို အင်ဒိုနီးရှား သမ္မတ ထုတ်ဖော်ကြေညာ

မြို့တော်ကို ဘော်နီယိုကျွန်း အရှေ့ကာလီမန်တန် ပြည်နယ်ရှိ မြောက်ပီနာဂျမ်ပက် ဆာနှင့် ကူတိုင်းကာတာနီဂါရာ ဒေသ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော ဧရိယာတစ်ခုသို့ ပြောင်းရွှေ့မည်ဟု အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဩဂုတ် ၂၆ ရက်တွင် ကြေညာသည်။ အင်ဒိုနီးရှားဘက်ခြမ်း ဘော်နီယိုကျွန်းတွင် ပြည်နယ်ငါးခုရှိပြီး မိုးသစ်တောများ၊ လူဝံကြီးများနှင့် ကမ်းရိုးတန်း ထိန်းသိမ်းကာကွယ်တောများကြောင့် လူသိများသည်။

မြို့တော်ကို ဂျကာတာမှ ပြောင်းရွှေ့မှုသည် ကန်ဒေါ်လာ ၃၂ ဒသမ ၇၉ ဘီလီယံ ကုန်ကျပြီး ယင်းကုန်ကျစရိတ်အနက် ၁၉ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကျန်ပမာဏကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများက စိုက်ထုတ်မည်ဖြစ်ကြောင်း ဝီဒိုဒိုက ပြောသည်။ လက်ရှိမြို့တော်ကို ဂျကာတာမှ ကာလီမန်တန်ပြည်နယ်ရှိ ဧရိယာတစ်ခုခုသို့ ပြောင်းရွှေ့ရန် ဝီဒိုဒိုက ဩဂုတ် ၁၆ ရက်တွင် တရားဝင် အဆိုပြုခဲ့သည်။ ‘‘မြို့တော်တစ်ခုဟာ အမျိုးသားဇာတိ၊ ဥပဓိလက္ခဏာတစ်ရပ် တင်မကပါဘူး၊ နိုင်ငံရဲ့ တိုးတက်မှုကိုလည်း ကိုယ်စားပြုပါတယ်’’ဟု ဝီဒိုဒိုက ပြောသည်။

ဂျကာတာသည် လူဦးရေ ၁၀ သန်းကျော်၏ ဇာတိဖြစ်သော်လည်း ပတ်ဝန်းကျင်မြို့များတွင် ယင်းပမာဏ၏ သုံးဆခန့် နေထိုင်သဖြင့် ယာဉ်ကြောကျပ်မှု ဆိုးရွားစွာဖြစ်ပေါ်ပြီး ယင်းပြဿနာကြောင့် တစ်နှစ်လျှင် စီးပွားရေး ကန်ဒေါ်လာ ခုနစ်ဘီလီယံ ဆုံးရှုံးသည်ဟု အစိုးရက အကြမ်းဖျင်း ခန့်မှန်းထားသည်။ ထို့အပြင် ဂျကာတာသည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ များစာရင်းတွင် အမြဲတမ်းပါဝင်သည်။

—Ref: Agencies/CNA/zl