လေဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများကို ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီက လူသုံးကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ဖားဆောင်း ဇွန် ၁၂

ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် ဖားဆောင်းကျေးရွာအုပ်စု ဗဟီတာကျေးရွာတွင် မေ ၂၁ ရက်ညက မိုးရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အိမ်ခြေ ၂ဝ အား ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့၊ ပြည်နယ် ကော်မတီဝင်များ၊ ရေးရာအလိုက် တာဝန်ခံများ၊ ဘောလခဲခရိုင် အတွင်းရေးမှူးနှင့် ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံ အဆင့်ဆင့်များ လိုက်ပါလျက် ဗဟီတာကျေးရွာဥက္ကဋ္ဌ ဦးဘောညာ နေအိမ်တွင် ယမန်နေ့ နံနက် ၁ဝ နာရီက လေဘေးဒဏ်ခံရသော နေအိမ်များအား ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ မုန့်နှင့် အချိုရည်များ တန်ဖိုးငွေကျပ် သုံးသိန်း သွားရောက် လှူဒါန်းသည်။

မေ ၂၂ ရက်တွင် ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသာစိန်က ငွေကျပ်လေးသိန်း၊ ဖားဆောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျပ်လေးသိန်း တစ်အိမ်ထောင်လျှင် ကျပ်လေးသောင်းဖြင့် ထောက်ပံ့ လှူဒါန်းခဲ့ပြီး ယနေ့အထိ ဖားဆောင်းမြို့ ဗဟီတာကျေးရွာ လေဘေးသင့်အိမ်များ လှူဒါန်းမှုမှာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ငွေကျပ် ၁၁ သိန်းဖြစ်ကြောင်းနှင့် ကယားပြည်နယ် လေဘေးသင့်သော လွိုင်ကော် မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်အား ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းမှုမှာ စုစုပေါင်း ငွေကျပ် ၃၉ သိန်း လှူဒါန်းပြီး ဖြစ်သည်။

ယင်းသို့ ပေးအပ်လှူဒါန်းရာတွင် ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဦးစွာရှင်းလင်း တင်ပြပြီး ပါတီအဆင့်ဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များက လေဘေးသင့် အိမ်ထောင်စု အသီးသီးသို့ လှူဒါန်းပစ္စည်းများအား ပေးအပ်သည်။

ယင်းသို့ သွားရောက်ရာတွင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည် နယ်လူငယ်ရေးရာ ဒုတာဝန်ခံ ဖားဆောင်းမြို့နယ် တာဝန်ခံ ဒေါ်နန်းယဉ်သီတာထွေး၊ ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင်၊ ဖားဆောင်းမြို့နယ် ပါတီဥက္ကဋ္ဌဦးခင် မောင်ညို၊ အတွင်းရေးမှူး ဒေါ်ခင်နှင်းယဉ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ အဖွဲ့များ၊ ပါတီဝန်းရံသူများ၊ လေဘေးသင့် အိမ်ထောင်စုများ အသီးသီးတက်ရောက်ကာ စုစုပေါင်း အင်အား ၆ဝ ကျော် တက်ရောက်ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)