မိဘပြည်သူများအား လေနိုင်ငံရေးများကို သတိထားကြရန် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင် သတိပေး

 

နေပြည်တော် ဇွန် ၁၂

လေနိုင်ငံရေးများကို သတိထားကြရန် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ဇေယျာသီရိ မြို့နယ်နှင့် အနီးအနားမြို့နယ်များမှ မိဘပြည်သူများကို ယနေ့သတိပေး ပြောကြားလိုက်သည်။ ယမန်နေ့ နံနက် ပိုင်းက ပြည်ထောင်စုနယ်မြေဇေယျာသီရိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ကျင်းပသော လူထုတွေ့ဆုံပွဲနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဦးဝေလွင်က ”လွန်ခဲ့တဲ့ သုံးနှစ်လောက်က ညီ၊ညီမတွေ ကြားဖူးခဲ့မယ့်စကား၊ ကျွန်တော် သတိပြန်ပေးချင်တယ်။ တို့နိုင်ငံဟာ ဘယ်နိုင်ငံထက် ကျော်မယ်လို့ ပြောထားတာလဲ၊ စင်ကာပူထက်ကျော်မယ်လို့ ပြောထားတာ။ အဲဒီ စင်ကာပူထက် ကျော်မယ်လို့ ပြောထားတာက စင်ကာပူ နိုင်ငံက စီးပွားရေးသွားလုပ်လို့ရှိရင် အလွန်လွယ်တဲ့ တိုင်းပြည်ထဲမှာပါတယ်။ သူက ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝ ရှိရင် စင်ကာပူက နံပါတ်တစ်လောက် ရှိတယ်။ စင်ကာပူရဲ့ နိုင်ငံသားတစ်ယောက် တစ်နှစ်တစ်နှစ်ဝင်ငွေက ဒေါ်လာ ငါးသောင်းအထက်မှာရှိတယ်။ ကျွန်တော်တို့ နိုင်ငံသား တစ်ယောက်တစ်နှစ် ဝင်တဲ့ဝင်ငွေက ဒေါ်လာနှစ်ထောင် ရှိတယ်။ အဲ့ဒီ ၅ သောင်းကို ၂ ထောင်နဲ့ စားကြည့်၊ အဆ ပေါင်း ၄ဝ၊ ၅ဝ လောက်ရှိတယ်။ အဲ့ဒါကိုပဲ စဉ်းစားကြည့်၊ တို့စောင့်ရမှာက အနှစ် ၄ဝ၊ ၅ဝ မှမီမှာ၊ ဒါတောင် စင်ကာပူက ရပ်နေဦးမှ စင်ကာပူက ဆက်သွားနေရင် ငါတို့လိုက်ဖို့က မမီဘူး။ အဲ့ဒါတောင်မှ လွန်ခဲ့တဲ့ သုံးနှစ် က တို့က စင်ကာပူကိုကျော်မယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ အဲ့ဒါလေ နိုင်ငံရေးတွေကို သတိထားဖို့လိုတယ်လို့ ပြော ချင်တာ”ဟု ထည့်သွင်းပြောကြား ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ တင်တင်အေး