Kim Jong-Un ညာလက်ရုံး ဖယ်ရှားခံရသတင်းထွက်ပြီး ပြန်ပေါ်လာ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ ညာလက်ရုံးဖြစ်ခဲ့သူ၊ အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကို ပို့ခံရတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ Kim Yong-chol ရဲ့ပုံတွေ မြောက်ကိုရီးယား အစိုးရသတင်းတွေမှာ ပါလာပါတယ်။ ခေါင်းဆောင် Kim Jong Un တက်ရောက်တဲ့ အနုပညာဖျော်ဖြေပွဲအကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းက ထုတ်တာမှာ သတင်း Video ထဲမှာ Kim Yong-chol ကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ Kim Jong-Un ရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲဟောင်း Kim Yong-chol ရာထူးချခံရတာ ဖြစ်နိုင်ပါတယ်။ သတင်းထဲမှာ အစဉ်လိုက်ဖော်ပြတဲ့ တာဝန်ရှိသူ ၁၂ ယောက် မှာ သူ့ရဲ့နာမည်က နံပါတ် ၁၂ နေရာမှာ ဖော်ပြခံရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ မအောင်မြင်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲနောက်ပိုင်း မြောက်ကိုရီးယား တာဝန်ရှိသူတချို့ အသတ်ခံရ၊ ရာထူးကနေ ဖယ်ရှားခံရတယ်လို့ တောင်ကိုရီးယားနိုင်ငံက Choson Ilbo သတင်းစာထဲမှာ ပြီးခဲ့တဲ့သောကြာနေ့ကပဲ သတင်းဖော်ပြခဲ့တာပါ။

အဲဒီသတင်းထဲမှာ Kim Yong-chol ကို အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကို ပို့လိုက်တယ်လို့ ပြောထားပါတယ်။

သမ္မတ Donald Trump နဲ့ ခေါင်းဆောင် Kim Jong-Un တို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော် မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အမေရိကန်မှာ ဦးဆောင်ညှိနှိုင်းခဲ့သူ Kim Hyok-chol နဲ့ တခြား ထိပ်တန်းတာဝန်ရှိသူ ၄ ယောက်ကို အမေရိကန်အတွက် သူလျှိုလုပ်မှုနဲ့ မတ် လကတည်းက သုတ်သင်ခဲ့တယ်လို့ Chosun Ilbo သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။ 

-Ref:VOA