သောက်သုံးရေး ရှားပါးမှုနှင့်ကြုံတွေ့နေရသော ကျေးရွာအုပ်စုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

 

စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှာ သောက်သုံးရေး ရှားပါးမှုနှင့် ကြုံတွေ့နေရသဖြင့် ရွာသား များ၏ တောင်းဆိုချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင်နှင့် မြို့နယ်ပါတီပူးပေါင်းပြီး သောက်သုံးရေများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သံတွဲမြို့နယ် လက်ပံစုကျေးရွာအုပ်စု၊ လက်ပံစုကျေးရွာသို့ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီက သံတွဲခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ် ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်ပါတီဝင်များအဖွဲ့မှ ကျေးရွာသို့အရောက် သောက်သုံးရေများ သွားရောက်လှူဒါန်း ခဲ့ကြသည်။

သံတွဲမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ကျေးရွာအုပ်စုအများ ကြီးရှိနေကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယနေ့တွင် လက်ပံစုကျေးရွာအုပ်စုသို့ သွားရောက်ခဲ့ပြီး နောက်ကျန်ရှိနေသည့် ကျေးရွာ အုပ်စုများသို့ ထပ်မံသွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ နောက်ကျေးရွာ အုပ်စုတွေကိုလည်း သွားဦးမှာပါ။ ဒါပေမယ့် ကျနော်တို့မှာ အခက်အခဲ တစ်ခုရှိတာက ရေသယ်တဲ့ ကားပါ။ အခုလှူဒါန်းနေတာကလည်း မီးသတ်ဌာနကို အကူအညီတောင်းပြီး လှူဒါန်း နေရတာဖြစ်ပေမယ့် ကားကမအားတဲ့ အခါကျတော့ သွားရမယ့် နေရာတွေကို စိတ်လိုက်ကိုယ်ပါ မဖြစ်ဘူးပေါ့။ ကားအားမှသာ သွားနေရမယ့် အခြေအနေဖြစ်ပါတယ်”ဟု ဦးစန်းနိုင်က ဆိုသည်။

ယနေ့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့သော လက်ပံစုကျေးရွာတွင် လမ်းဆုံတိုင်းသို့ သွားရောက်လှူဒါန်းခဲ့ပြီး တာပေါ်လိမ်ဖြင့် ရေကန်အဖြစ်ပြုလုပ်ကာ ရေများအား သိုလှောင်ထားခဲ့ကြောင်းလည်း သိရသည်။