မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့ စုပေါင်းရေသန့် အလှူတော်ကျင်းပ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်အားပေး

 

မလှိုင် မေ ၂၇

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ မလှိုင်မြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိရာ ကျေးရွာများသို့ စုပေါင်း ရေသန့်အလှူတော်အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်အားပေး ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီများ၏ အမျိုးသမီး (ဝိသာခါ) ကျောင်း အမများအဖွဲ့၏ စုပေါင်းသောက်ရေသန့် ရေအလှူတော်မင်္ဂလာတွင် မလှိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ခုနစ်ရွာ သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ ဒု တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လှလှအေး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးရွှေနန်း၊ ဒေါ်သိင်္ဂီအောင်၊ ဒေါ်သန်းသန်းအေး၊ မိတ္ထီလာခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဝင်းသီတာနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မလှိုင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးသိန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ခင်လှသိန်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်အတွင်းရှိ ထန်းတောကြီး၊ ရေထွက်၊ ကသစ်ပင်၊ စိုင်သောက်၊ သဘွတ်ရုံ၊ အေးသန်းပင်၊ အုန္နဲစု၊ ငါးတပုံတောင်၊ ငါးတပုံမြောက်၊ ကံရွာ၊ ကံသစ်ကြီး၊ ကူခွဲ၊ ကူနီစသည့်ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ပေါင်း ၁ဝဝ၅ စုမှ လူဦးရေ ၄၈၈ဝ အတွက် ယမန်နေ့နှင့် ယနေ့တို့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီများ၏ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့က သောက်ရေသန့် လှူဒါန်းမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုတ (မန္တလေး)