အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ရေနွေးကြမ်းစကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တက်ရောက်

 

မန္တလေး မေ ၁၄

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အုပ်စက်ရပ်ရှိ ရပ်ကွက်ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝနာရီမှ ၁၁ နာရီထိ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့် တက်ရောက် ဆွေးနွေးခဲ့သည်။

စကားဝိုင်းပြုလုပ်ရာတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် မန္တလေးခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့်က ပါတီဝင်များ ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ပါတီဝင်များအနေဖြင့် ပြည်သူလူထု အကျိုးစီးပွားအား ဦးထိပ်ထား၍ ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့စေရေး၊ ပါတီစည်းရုံးရေးရာ ကိစ္စများ၊ ပါတီမှချမှတ် ထားသောမူဝါဒများကို လိုက်နာ၍ လာမည့် ၂ဝ၂ဝ ရွေး ကောက်ပွဲတွင် ပါတီအောင်နိုင်မှုရရှိ စေရေးစသည်တို့ကို ဆွေးနွေးပြောကြား ခဲ့ပြီးနောက် မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် ရပ်ကွက်ပါတီ ဥက္ကဋ္ဌများကလည်း နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များက အဆိုပါ ရပ်ကွက်ပါတီရုံးတွင် ဖွင့်လှစ် ထားသော ဖြိုးစေတနာ လူမှုကူညီရေးအသင်းအတွက် ဖျာကြမ်းအချပ် ၅ဝ ဝယ်ယူရန် အလှူငွေကျပ် ၁၇၅ဝဝဝ အား ပေးအပ်လှူဒါန်း ခဲ့သည်။

စကားဝိုင်းသို့ ပါတီဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီ ကော်မတီဝင် ဦးညီညီမင်း၊အောင်မြေသာစံမြို့နယ် ပါတီအတွင်းရေးမှူး ဦးဆွေချစ်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဒေါနဘွားရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးစံအောင်၊ ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ အပါအဝင် စုစုပေါင်း အင်အား ၃ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်ရှိ ပါတီဝင်တစ်ဦး နေအိမ်တွင်လည်း ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမျိုးမြင့်နှင့်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)