ရန်ကုန် (အရှေ့ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ကော်မတီနှင့် အမျိုးသမီးရေးရာ ကော်မတီတို့ Youth Day သန့်ရှင်းရေးဆောင်ရွက် ပညာရေး ကျန်းမာရေး ငွေပဒေသာပင် စိုက်ထူလှူဒါန်း

 

ရန်ကုန် မေ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပါတီ ကော်မတီသည် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်တို့၏ ကြီးကြပ်မှုဖြင့် အရှေ့ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်လူငယ်ကော်မတီနှင့် အမျိုးသမီးရေးရာ ကော်မတီ ခေါင်းဆောင် များက ပါတီဝင်မောင်မယ်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၄၂) ရပ်ကွက် ကျန်စစ်သားအိမ်ရာ (၁) ကျန်စစ်သားလမ်းရှိ ရတနာမြင့်ကျောင်းတိုက် (Global Buddhist Academy) ၌ ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ပညာရေး ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ ရတနာမြင့် ကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ပညာသာမိ (Global Buddhist Academy (G.B.A) ၏ ပဓာနနာယက ဓမ္မ ဒူတဗုဒ္ဓတက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှူးအား ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးဝဏ္ဏမျိုး (ဘဏ္ဍာရေးမှူး)၊ ဒေါ်လဲ့လဲ့အေး (အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဒေါ်ယဉ်ချောလှိုင် (လူငယ်ရေးရာတာဝန်ခံ)၊ နယ်မြေခံ ဒဂုံတောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး၊ ပုဇွန်တောင်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်း၊ အရှေ့ပိုင်း ခရိုင် (၁၄) မြို့နယ်မှ မြို့နယ်လူငယ် တာဝန်ခံများနှင့် ပါတီဝင်လူငယ်များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် ပါတီဝင်များ၊ သစ်ပင်များ အလှူရှင် ဒဂုံတောင်မြို့နယ် အရန်ပါတီ ကော်မတီဝင် ဦးအေးထွန်းတို့က လှုပ်ရှားဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုတင်ပြ လျှောက်ထားသည်။ ထို့နောက် ပညာရေး၊ ကျန်းမာရေး ပဒေသာပင်အတွက် စိုက်ထူလှူဒါန်းငွေ ကျပ် ၂၃၅ဝဝဝ၊ ရှင်သာမဏေငယ် များ အသုံးပြုရန်အတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝင်းအတွင်း စိုက်ပျိုးရန်အတွက် အရိပ်ရ နှစ်ရှည်ပင်များအား ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်က ပါတီဝင်မောင်မယ်များအား သြဝါဒတရား ချီးမြှင့်ရာတွင် ဘာသာသာသနာအကျိုး၊ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် စေတနာ၊ ပညာ၊ ပျော်ပျော်ရွှင်ရွှင် နှင့် လေးလေးစားစား လုပ်ပါက ပြည်ခိုင်ဖြိုးပါတီ တောက်ပဝေဆာ အောင်မြင်ကာ ပါတီ၏ ဦးဆောင်မှု ဆောင်ရွက်မှု များဖြင့် နိုင်ငံတော်ကြီး စိမ်းလန်းစိုပြည် အလွန်အသရေတင့်ပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်ဝင့်ထည်လာမှာ ဖြစ်ကြောင်း လမ်းညွှန် မိန့်ကြားသည်။

ထို့နောက် လုပ်အားပေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ကြပြီး ညနေ ၆ နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် (အရှေ့ပိုင်း) ခရိုင်၏ Youth Day လှုပ်ရှားမှု အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။  စိုးမိုး(ဒဂုံ-အရှေ့)