ကလော့ပ်ကို အကြီးအကျယ်ချီးကျူးသွားခဲ့တဲ့ မော်ရင်ဟို

ပထမအကျော့မှာ (၃-၀)နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကလော့ပ်က ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ်နိုင်ပွဲ ရရှိအောင် အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အန်ဖီးလ်မှာ ဘာစီလိုနာကို (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ယူနိုက်တက်နဲ့ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုရဲ့ အကြီးအကျယ်ဂုဏ်ပြုချီးမွမ်းခြင်းကို ခံခဲ့ရပါတယ်။ ပထမအကျော့မှာ (၃-၀)နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကလော့ပ်က ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ်နိုင်ပွဲ ရရှိအောင် အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဘ၀မှာ ယာဂင်ကလော့ပ်နဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေခဲ့ပေမယ့်လည်း မော်ရင်ဟိုက ချန်ပီယံလိဂ်မှာ လီဗာပူးလ်တို့ နိုင်ပွဲရခဲ့မှုမှာ ကလော့ပ်ကမရှိမဖြစ် အရေးအပါဆုံးလို့ ယုံကြည်နေခဲ့ပါတယ်။ beIN Sports မှာ ပွဲအစီအစဉ်သုံးသပ်သူအဖြစ် တာဝန်ယူခဲ့တဲ့ မော်ရင်ဟိုက ကလော့ပ်ကို အခုလိုပဲ နှစ်နှစ်ကာကာ ချီးကျူးသွားခဲ့ပါတယ်။ “ဒီလိုဖြစ်လာမယ်ဆိုတာကို ကျွန်တော် မမျှော်လင်ခဲ့ပါဘူး၊ မဖြစ်နိုင်တာမရှိဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်၊ သူတို့ရဲ့ အကောင်းဆုံး ဘောလုံးရာသီ တစ်ခုကို ဘာအောင်မြင်မှုမှမရပဲ အဆုံးသတ်ဖို့ ရှိနေခဲ့ပေမယ့် အခုတော့ သူတို့တွေ ဥရောပ ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပါပြီ”

“သူက ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်၊ လီဗာပူးလ်လုပ်ပြသွားတာက အရမ်းကောင်းမွန်တယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ၊ ဒါပေမယ့် အရေးအကြီးဆုံးက ယာဂင်ကလော့ပ်ပါပဲ၊ ဒါက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးရောင်ပြန်ဟပ်မှုပါပဲ၊ ဘယ်တော့မှအရှုံးမပေးဘူး၊ တိုက်ပွဲဝင်စိတ်ဓာတ်၊ အရာအားလုံးကိုပေးဆပ်ကစားမယ်ဆိုတဲ့ စိတ်နဲ့ သူက နိုင်ပွဲရအောင် ယူပြခဲ့တာပါ” “ကစားသမားတွေ ဆုံးရှုံးခဲ့ပေမယ့် သူ ညည်းတွားမနေခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ကစားသမားတွေက တစ်ရာသီအတွင်းမှာ ပွဲပေါင်း (၅၀)၊ (၆၀)လောက်ကစားပေးထားခဲ့လို့ပါ၊ တခြားနည်းပြ တွေဆိုရင်တော့ သူတို့ကစားသမားတွေ ပွဲပေါင်း (၃၀)၊ (၃၅)ပွဲလောက် ကစားပေးထားရုံနဲ့ ပွဲအများကြီး ကစားပေးရတယ်ဆိုပြီး ညည်းတွားနေခဲ့ကြတာပါ၊

ဒီနေ့အတွက် ကျွန်တော်တွေးနေတာကတော့ ယာဂင်ရဲ့ စိတ်ဓာတ်ကိုပါပဲ၊ သူ ဗိုလ်လုပွဲမှာ အောင်မြင်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ မော်ရင်ဟိုက အကြီးအကျယ် ချီးကျူး သွားခဲ့ပါတယ်။ 

Ref:Skysports