မန်ချက်စတာကနေ အရှင်ထွက် ထွက်ဖို့ ခက်တယ်လို့ ဆိုလိုက်တဲ့ ပီကေး

မန်ယူအသင်းအနေနဲ့ အခွင့်အရေးရတာနဲ့ ဘာစီလိုနာအသင်းကို သတ်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ ပီအက်စ်ဂျီနဲ့ပွဲကို ကြည့်ပြီးသိနိုင်တယ်လို့ ဘာစီလိုနာ နောက်ခံလူ ပီကေးက ပြောခဲ့တယ်လို့ Daily Mailက ဖော်ပြလာပါတယ်။ ပီကေးက မန်ယူမှာ ၄ နှစ်ကြာ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က အသင်းကနေ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

အခုအချိန်မှာ မန်ယူနဲ့ တွေ့ဆုံနေတဲ့အပေါ်မှာလည်း မက်ဆီနဲ့ ကစားဖော်တွေအနေနဲ့ မန်ယူကို ညှာတာနေဖို့ မလိုဘူးလို့လည်း ဆိုခဲ့ပါတယ်။

“မန်ချက်စတာကနေ အရှင်ထွက် ထွက်ဖို့ မဖြစ်နိုင်ပါဘူး၊ သူတို့ဟာ သမိုင်းမှာ ထင်ရှားတဲ့အသင်းဖြစ်သလို လက်ရှိလည်း တောင့်တင်းတဲ့အသင်းပါ၊ ဒါကြောင့် ဂိုးများစွာသွင်းယူပြီး အနိုင်ယူဖို့ လိုပါတယ်။ ပီအက်စ်ဂျီရဲ့ အဖြစ်က နမူနာပါပဲ၊ အကယ်ဒမီကစားသမားများစွာနဲ့ နောက်တဆင့်ကို တက်လာတာ နည်းတဲ့ အဆင့်မှ မဟုတ်တာ၊ ဒါကြောင့် ပွဲအစကနေ ပွဲပြီးတဲ့အထိ ပွဲအပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိနေမှ ဖြစ်ပါမယ်၊ အကောင်းဆုံး ပုံစံနဲ့ ကစားပြီး နောက်တဆင့် တက်ပါမယ်။” လို့ ပီကေးက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲမှာလည်း မိမိတို့က ဘောလုံကို ကိုင်ကစားပြီး မန်ယူက တန်ပြန် တိုက်စစ်တွေနဲ့ မိမိတို့ကို ပြန်လည် တိုက်ခိုက်လာမယ်လို့လည်း ပီကေးက သုံးသပ်ခဲ့ပါသေးတယ်။

“ရက်ရှ်ဖို့ဒ်၊ လူကာကူတို့ရဲ့ တိုးအားတွေကို သတိပြုရပါမယ်၊ ဂိုးဧရိယာစပ်နားမှာ တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေ တတ်နိုင်သမျှမပေးရအောင် ထိန်းကစားဖို့ လိုပါမယ်။” လို့လည်း ပီကေးက ပြောသွားပါ သေးတယ်။ မန်ယူအသင်းဟာ မိမိထွက်လာတဲ့အချိန်ကတည်းက ဒီကနေ့အထိ အသင်းကြီး အဖြစ် ရှိနေဆဲ ဖြစ်ပြီး အခုပွဲက အကောင်းဆုံးပွဲဖြစ်လာမယ်လို့ ယုံကြည်တယ်လို့လည်း ပီကေးက ဆိုခဲ့ပါသေးတယ်။ မန်ယူနဲ့ ဘာစီလိုနာတို့က ဒီကနေ့ည (မြန်မာစံတော်ချိန် ၁ နာရီခွဲ)မှာ မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။

Source:Duwun