ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပြည်သူများအား နယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသမှုကို ကြည့်ရှု အားပေး

 

မန်အောင် မတ် ၂ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစီအစဉ်ဖြင့် နယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသရေး အဖွဲ့သည် မြန်အောင်မြို့ရှိ ရပ်ကွက် ၁၅ခု နှင့် ကျေးရွာအုပ်စု ၅၈ အုပ်စုတို့တွင် အခမဲ့ဆေးကုသမည်ဖြစ်ပြီး ယမန်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကညင်ငူအုပ်စု ကညင်ငူဝေဠုဝန် ဘုန်းတော်ကြီးကျောင်း၌ အခမဲ့ ဆေးကုသခြင်း လုပ်ဆောင်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် တာဝန်ရှိသူများက လာရောက် အားပေးကြည့်ရှု ခဲ့ကြသည်။ ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် တာဝန်ရှိသူများသည် ကညင်ငူဝေဠုဝန် ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး ဆေးကုသမှု လာရောက်ခံယူ သောဒေသခံ ပြည်သူများကို ရင်းနှီးစွာ အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်မှ အထူးကု ဆရာဝန်ကြီးများက ဆေးကုသခြင်းများ ပြုလုပ်ခဲ့ရာ ခွဲစိတ်လူနာ ခုနစ်ဦး၊ အထွေထွေရောဂါလူနာ ၃ဝ၄ ဦး စုစုပေါင်း ဆေးကုသမှုခံယူသူ ၃၁၁ ဦး ရှိကြောင်း သိရသည်။ အလားတူ ယခုလ ၁ ရက်နှင့် ၁၅ ရက်မှ ၁၇ ရက်အထိ မြို့မတိုက်နယ်၊ ကနောင်တိုက်နယ်၊ တောင်ရိုး တိုက်နယ်နှင့် တာခွထန်းတိုက်နယ် တို့တွင်လည်း ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ခွဲစိတ် ကုသခြင်းများကိုလည်း ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ယနေ့ ၂၁ရက် တို့တွင် ရွှေကျင် တိုက်နယ်နှင့် သပြေကုန်း တိုက်နယ်တို့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။