ဟောင်ကောင်မှာ တရုတ်နိုင်ငံတော်သီချင်းကို မလေးစားပါက ထောင်ကျနိုင်တဲ့ဥပဒေ ထုတ်ပြန်မည်

ဟောင်ကောင်အလံနှင့် တရုတ်အလံတို့ကို တွေ့ရစဉ် (Photo: Reuters)

 

ဟောင်ကောင်မှာ တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားပြုမူသူကို ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို လွှတ်တော်သို့ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) တင်သွင်းလိုက်တယ် လို့ သိရပါတယ်။ အဆိုပါ ဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တရုတ်အာဏာပိုင်တွေက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေနဲ့ ဘေဂျင်းအစိုးရကို သစ္စာခံတဲ့အုပ်စုတွေကြား တင်းမာမှုမြင့်တက်နေတဲ့ ဟောင်ကောင်မှာ မျိုးချစ်ဝါဒီအင်အား ပိုမိုးကြီးမား လာစေရန် ကြိုးပမ်းနေခဲ့ပါတယ်။ ဟောင်ကောင်မှာ တရုတ်လက်အောက်မှ ခွဲထွက်ကာ လွတ်လပ်ရေးကို အားပေးထောက်ခံသူတွေလည်း ရှိနေပါတယ်။

ဟောင်ကောင်လွှတ်တော်ကို ယနေ့ တင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းအရ “March of the Volunteers” အမည်ရှိ တရုတ်နိုင်ငံတော်သီချင်းကို အများပြည်သူမြင်ကွင်းမှာ မလေးမစား ပြုမူခဲ့ပါက ထောင်ဒဏ်အပြင် အမြင့်ဆုံး ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၅၀,၀၀၀ (မြန်မာကျပ်ငွေ ၉၇ သိန်းနီးပါး) ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာကျောင်းများ အပါအဝင် စာသင်ကျောင်းတွေမှာလည်း ကျောင်းသူကျောင်းသားတွေဟာ တရုတ်နိုင်ငံတော်သီချင်း သီဆိုတတ်ရန် သင်ကြားရမယ်လို့ ဥပဒေမူကြမ်းမှာ ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။

“ဆရာ၊ ဆရာမတွေက ဒီကိစ္စကို စိုးရိမ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ အခုတစ်ကြိမ်မှာ တရုတ်နိုင်ငံတော်သီချင်းကို သင်ကြားရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပေဒကို အတည်ပြုလိုက်ပြီဆိုရင် နောက်တစ်ကြိမ်ကျရင် တခြားဟာတွေ သင်ခိုင်းတာမျိုးလည်း ဖြစ်လာနိုင်တယ်လေ” လို့ အသက် ၃၆ နှစ်အရွယ် အလယ်တန်းပြဆရာ ဆိုင်မွန်ဟွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဟောင်ကောင်မှာကစားတဲ့ ဘောလုံးပွဲတွေမှာ တရုတ်နိုင်ငံတော်သီချင်းကို မနှစ်သက်ကြောင်း သံပြိုင်အော်ဟစ်ကာ နိုင်ငံရေးဆန္ဒပြမှုအဖြစ် လုပ်ဆောင်မှုတွေ လည်း ရှိနေခဲ့ပါတယ်။ တစ်ချိန်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီး စီးပွားရေးအချက်အချာကျတဲ့ ဟောင်ကောင်ဒေသကို ၁၉၉၇ ခုနှစ်မှာ တရုတ်လက်အောက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

တရုတ်အစိုးရက ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ မူဝါဒဖြင့် ဟောင်ကောင်ကို အထူးအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထိုမူဝါဒအရ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမှအပ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပါအဝင် အခြားကိစ္စရပ်တွေမှာ ကိုယ်ပိုင်စီမံနိုင်မယ်လို့ ကတိပြုထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတော်သီချင်းနဲ့ ပတ်သက်ပြီး ဥပဒေမူကြမ်းကို နွေရာသီမတိုင်မီ ဟောင်ကောင်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖွယ်ရှိပြီး အလွယ်တကူပင် အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်လွှတ်တော်မှာ အတိုက်အခံတွေက ဥပဒေတစ်ရပ် ပြဋ္ဌာန်းမှုလုပ်ငန်းစဉ်ကို ကန့်ကွက်တားဆီးရန် လုံလောက်တဲ့ လွှတ်တော် အမတ် အရေအတွက် မရှိထားကြောင်းလည်း သိရပါတယ်။ 

Source: Duwun