ကဘူးလ်ရှိ အစိုးရရုံး တစ်ရုံးကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှု သေဆုံးသူ အရေအတွက် မြင့်တက်

ကဘူးလ် ဒီဇင်ဘာ ၂၅

ကဘူးလ်မြို့ရှိ အစိုးရရုံးတစ်ရုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် မှာ ၄၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁ဝ ဦးရှိခဲ့ကြောင်း အာဖဂန် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ တွင် ပြောကြားခဲ့ကြောင်း သိရသည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု အပြီးတွင် ကဘူးလ် လူနာတင်ယာဉ် ဝန်ဆောင်မှု အဖွဲ့က သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရ သူ ၁ဝ ဦးကို ကဘူးလ်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဌာနပြောရေးဆိုခွင့်ရှိသူ ဝါဟစ် မာဂျော့ က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး အဖွဲ့သားများက အဆောက်အအုံ၌ ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိရာ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သေးကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုသည် တနင်္လာနေ့ ညနေပိုင်းတွင် အသေခံဗုံးသမားတစ်ဦး က အစိုးရရုံးအပြင်ဘက်တွင် ကားဗုံး ထောင်ခဲ့ချိန်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သေနတ်သမားနှစ်ဦးက အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များ ရောက်ရှိ မလာမီ အဆောက်အအုံအတွင်းရှိ လူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများသည် အင်္ဂါနေ့အစောပိုင်း၌ အဆုံး သတ်ခဲ့ကြောင်း သိရသည်။

(Xinhua)