မြန်မာလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ ဒီဇင်ဘာ ၂၇ ရက်ကျင်းပမည်

၂၀၁၈  မြန်မာလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း လိဂ်မီဒီယာတာ ၀န်ခံဦးရဲမင်းဝင်းက ပြောသည်။

အဆိုပါ ဆုပေးပွဲအခမ်းနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟို တယ်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ဘောလုံးရာသီ၏ မြန်မာ လိဂ်-၁ နှင့် လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲ၊ သက်တမ်းအလိုက်လူငယ် လိဂ်နှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲများ မှ ပထမ၊ ဒုတိယ၊ တတိယရသည့်အသင်းများကို ဆုချီးမြှင့်မည်ဖြစ်သည်။

ထို့အပြင် ၂၀၁၈ အတွင်း မြန်မာလိဂ်-၁၊ လိဂ်-၂ ၌ ဂိုးအများဆုံးသွင်းယူသည့် ကစားသမားဆုနှင့် တစ်နှစ်တာ အတွင်းအကောင်းဆုံး ကစားသမားဆုတို့ကိုလည်း ချီးမြှင့်မည်ဖြစ်ကြောင်း ဦးရဲမင်းဝင်းက ပြောသည်။

‘‘အမှတ်ပေးနဲ့ ရှုံးထွက်ပြိုင်ပွဲက ချန်ပီယံတွေကတော့အားလုံးသိပြီးသားဖြစ်မှာပါ။ သူတို့ကို ပြန်ပြီး ဂုဏ်ပြုဆု ပေးတာမျိုးပါ။ ဒါပေမဲ့ အခုထိမသိသေးတဲ့ဆုက တစ်နှစ်တာအတွင်း အကောင်းဆုံးကစားသမားဆုပါ။ လိဂ်ကော်မတီနဲ့ တာဝန်ရှိသူအားလုံးက ပြီးခဲ့တဲ့ မြန်မာလိဂ်မှာအကောင်းဆုံး စွမ်းဆောင်ပေးတဲ့ ကစားသမားကို ရွေးချယ်မှာပါ။ ဒါက ကွင်းတွင်း စွမ်းဆောင်ရည်တင် မဟုတ်ဘူး။ ကွင်းပြင်ပစည်းကမ်းပိုင်းကိုလည်း ထည့်သွင်း စဉ်းစားပြီး ရွေးချယ်သွားမှာပါ’’ ဟု ၎င်းက ဆို သည်။

၂၀၁၈ မြန်မာလိဂ်-၁ ချန်ပီယံဆုနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက်က ရရှိထားသည်။ မြန်မာ လိဂ် – ၂ ချန်ပီယံဆုကို ရွိုင်ရယ် သန်လျင်အသင်းက ရရှိထား သည်။

ယူ-၂၁ လူငယ်လိဂ်တွင် ချန်ပီယံဆုကို အားကာသိပ္ပံနှင့် ယူ-၂၀ လိဂ်ချန်ပီယံဆုကို အား ကာသိပ္ပံ(ခ)အသင်းက ရရှိခဲ့သည်။ ယူ-၁၉ လိဂ်ချန်ပီယံဆုကို ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့် ယူ-၁၈ လိဂ်ချန်ပီယံဆုကိုဒဂုံ အသင်းက ရရှိခဲ့သည်။ အမျိုးသမီးလိဂ်ချန်ပီယံဆုကို မြ၀တီအသင်းက ရရှိထားသည်။

၂၀၁၇ ဘောလုံးရာသီ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူက ရရှိထားသည်။ 

7Days