ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံ ထိပ်ဆုံး၌ရပ်တည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံက ကမ္ဘာ့ ချန်ပီယံ ပြင်သစ်ကို ကျော်ဖြတ်ကာ နံပါတ် (၁) ရရှိခဲ့သည်။

ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ပြင်သစ်ကိုရှုံးနိမ့် ခဲ့သော ဘယ်လ်ဂျီယံက တစ်မှတ်အသာ (၁၇၂၇-၁၇၂၆) ဖြင့် ထိပ်သီးနေရာရရှိခဲ့သည်ဟု ဖီဖာကပြောသည်။

အပြောင်းအလဲနည်းသော လစဉ်အဆင့်သတ်မှတ်ချက်၌ ဘရာဇီးကနံပါတ် (၃)၊ ခရိုအေးရှားက နံပါတ် (၄) နေရာရရှိခဲ့ သည်။

ပြီးခဲ့သည့်လက ကျင်းပသော ယူအီးအက်ဖ် အေနေရှင်နယ်လိဂ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သော အင်္ဂလန်နှင့် ပေါ်တူဂီက နံပါတ် (၅) နှင့် (၆) နေရာရရှိပြီး ၎င်းတို့၏နောက် တွင် ဥရုဂွေး၊ ဆွစ်ဇာလန်၊ စပိန်နှင့် ဒိန်းမတ်တို့ ရပ်တည်နေ သည်။

နံပါတ် (၂၉) ရရှိသော အီရန်က အာရှတွင် အဆင့်အမြင့် ဆုံး အသင်းဖြစ်ပြီး အာရှဖလား ပြိုင်ပွဲသည် ဇန်နဝါရီ ၅ ရက်တွင် စတင်ရန်ရှိသည်။ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ကာတာ သည် နံပါတ် (၃၉)၌ ရပ်တည်နေသည်။

ဆီနီဂေါက အာဖရိကအ ကောင်းဆုံးအသင်းအဖြစ်နံပါတ်(၂၃) ရရှိထားသည်။ မက္ကဆီကိုက ကွန်ကာကက်ဖ် ဒေသတွင် အမြင့်ဆုံး နံပါတ် (၁၇) ရရှိခဲ့သည်။                 

 —Ref:AP