ဂျပန်ကစ်ဘောင်ဆင်သမားနှင့် ထိုးသတ်မည့်အစီအစဉ်ကို မေ၀ယ်သာ ဖျက်သိမ်း

လက်ဝှေ့ စူပါကြယ်ပွင့် ဖလွိုင်းမေ၀ယ်သာ က ဂျပန်ကစ်ဘောက်ဆင်သမား နှင့်ထိုးသတ်မည့်အစီအစဉ်ကို ဖျက်သိမ်းပြီး မိမိသည် ၎င်းနှင့် ယှဉ်ပြိုင်ရေးသဘောတူရန် ဖြားယောင်းခံရသည်ဟု ပြောသည်။

လူမှုမီဒီယာ၌ ဖော်ပြထားသော ရှည်လျားသည့်ကြေညာချက် တစ်ရပ်တွင် မေ၀ယ်သာက ဆိုင်တာမာမြို့၌ နှစ်သစ်ကူးအကြိုနေ့တွင် တန်ရှင်နာဆူကာဝါနှင့် ထိုးသတ်ရန်စီစဉ်ရာ၌ ပွဲစီစဉ်သူများကြောင့် အမှန်မမြင်နိုင်ခဲ့ဟု ဖော်ပြထားသည်။

နာဆူကာဝါနှင့်တရားဝင် ထိုးသတ်ရန် မိမိအနေဖြင့်လုံးဝ သဘောတူခြင်း မရှိသည်ကို ရှင်းအောင်ပြောလိုကြောင်း မေ၀ယ်သာက ပြောသည်။

အသက်(၄၁)နှစ်အရွယ် အငြိမ်းစားဝယ်သာဝိတ်တန်းချန်ပီ ယံမေ၀ယ်သာက ၎င်းသည် အလွန်များပြားသော အဖိုးအခပေး၍ ပွဲကြည့်မည့်လူချမ်းသာအုပ်စု အနည်းငယ်အတွက် နာဆူကာဝါ နှင့် သီးသန့်လက်ဝှေ့ပွဲတစ်ခုထိုး သတ်ရန် ပြီးခဲ့သည့်တစ်ပတ်က ဂျပန်နိုင်ငံသို့သွားခဲ့သည်ဟု ပြော သည်။

ယင်းလက်ဝှေ့ပွဲကို မူလက ကမ္ဘာတစ်ဝန်းတရားဝင်ရုပ်သံ ထုတ်လွှင့်ခြင်းမရှိဘဲ ဖျော်ဖြေရုံ သက်သက်ကျင်းပရန် စီစဉ်ထားခဲ့ကြောင်းနှင့် နောက်တစ်နေ့၌ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် မူလအစီအစဉ်နှင့် လုံးဝ လွဲချော် နေကြောင်း မေ၀ယ်သာက ပြောသည်။ ယင်းသတင်းစာရှင်း လင်းပွဲအတွင်း ကြေညာခဲ့သော သတင်းအမှား အတွက် မိမိပရိသတ်ကို ရိုးသားစွာတောင်းပန် လိုကြောင်းလည်း မေ၀ယ်သာက ဆိုသည်။

မေ၀ယ်သာသည် ၂၀၁၇ က လာ့စ်ဗီးဂတ်စ်မြို့တွင် ဘက်စုံသုံး ကိုယ်ခံပညာရှင် မက်ဂရီဂေါ်ကို အနိုင်ရခဲ့သည့် ၀င်ငွေကောင်းသော လက်ဝှေ့ပွဲအပြီး လက်ဝှေ့ထိုးခြင်း မရှိသေးပေ။ မေ၀ယ်သာ သည် ပွဲ ၅၀ ရှုံးပွဲမရှိစံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူခဲ့သည်။

 —Ref:AFP