ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားလုံးတွေအတွက် မော်ရင်ဟိုကို FA စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ဒီလအစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ ၃-၂ နယူးကာဆယ်ပွဲအပြီး ပြောဆိုခဲ့တဲ့ မသင့်တော်တဲ့ စကားလုံးတွေအတွက် မန်ယူနည်းပြ မော်ရင်ဟိုကို အင်္ဂါနေ့က စွဲချက်တင်ခဲ့ပါတယ်။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ အောက်တိုဘာ ၆ ရက်က မန်ယူနှင့် နယူးကာဆယ်ပွဲစဉ်ပြီးဆုံးချိန် မော်ရင်ဟိုဟာ ဥမင်အတွင်း ဝင်ရောက်ခဲ့စဉ်မှာ ရိုက်ကူးရေး တီဗွီကင်မရာဘက်ကို လှည့်ပြီး ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားတွေကို ပြောဆိုခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပေါ်တူဂီဘာသာနဲ့ “Fodas filhos de puta”လို့ ပြောဆိုခဲ့ပြီး ၎င်းမှာ အင်္ဂလိပ်လို “f*** off sons of b****”လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။

အက်ဖ်အေဟာ နယူးကာဆယ်နဲ့ ပွဲအပြီး မော်ရင်ဟိုရဲ့ ပြောစကားကို အတည်ပြုနိုင်ဖို့ ဘာသာစကား ကျွမ်းကျင်သူတွေနဲ့ ပြန်လည် စစ်ဆေးခဲ့ပြီး အတည်ပြုကြေညာချက် ထုတ်ပြန်ခဲ့တြာ ဖစ်ပါတယ်။

ဒါ့ကြောင့် မော်ရင်ဟိုအနေနဲ့ အက်ဖ်အေရဲ့ စွဲချက်ကို အောက်တိုဘာ ၁၉ ရက်၊ သောကြာနေ့အထိ ပြန်လည်တုံ့ပြန်ခွင့်ရှိပြီး လျော်ကန်တဲ့ ဖြေရှင်းချက် မပေးနိုင်ခဲ့ပါက အောက်တိုဘာ ၂၀ ရက်နေ့ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်ကို ပွဲကြီးကြပ်ခွင့် ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲသာ အနိုင်ရမှုနဲ့အတူ ရလဒ်ဆိုးများနဲ့ စတင်ခဲ့ပြီး လက်ရှိအမှတ်ပေးဇယားမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

Ref; EFE-EPA