တန်းတူညီတူ မဆက်ဆံလျှင် ထရမ့်နှင့် ဆွေးနွေးမည်မဟုတ်ဟု ကျူးဘားသမ္မတ ပြော

တန်းတူညီတူ မဆက်ဆံရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကျူးဘားသမ္မတ မီဂဲဒီယက်ဇ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ မီဂဲဒီယက်ဇ်ဟာ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အဲဒီလို ပြောသွားခဲ့တာပါ။

“အဲဒီဆွေးနွေးမှုဟာ အပြန်အလှန်လေးစားမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ရပါမယ်။ ကျူးဘားရဲ့ အချုပ်အခြာ၊ လွတ်လပ်ရေးနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် ကန့်သတ်မှုတွေ မပြုလုပ်တဲ့ ဆွေးနွေးမှု ဖြစ်ရပါမယ်။ ကျူးဘားဟာ အတင်းအကျပ် စေခိုင်းတာကို လက်မခံသလို လိုက်လျောဖို့လည်း ဆန္ဒမရှိဘူး” လို့ သမ္မတ မီဂဲဒီယက်ဇ်က ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့် ရာထူးလက်ခံချိန်ကစပြီး ကျူးဘား-အမေရိကန် ဆက်ဆံရေးဟာ ဆိုးဆိုးရွားရွား ယိုယွင်းလာခဲ့ပါတယ်။ ဒါ့အပြင် ဟာဗားနားရှိ အမေရိကန် သံရုံးဝန်ထမ်းတချို့ကို အသံလှိုင်းတွေနဲ့ တိုက်ခိုက် ခံရတယ်ဆိုပြီး အမေရိကန်က စွပ်စွဲထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျူးဘားဘက်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

DVB