တရုတ်ကုန်ပစ္စည်း ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် သွင်းကုန်ခွန်များ ကောက်ယူရန် ထရမ့်အမိန့်ထုတ်

တရုတ်နိုင်ငံက တင်သွင်းတဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ဆယ်ရာခိုင်နှုန်း သွင်းကုန်စည်းကြပ်ခွန်အား စက်တင်ဘာ ၂၄ ရက်က စပြီး စတင်ကောက်ယူသွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၇ ရက်မှာ အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ထိပ်တိုက်တွေ့နေမှုကို အရှိန်ထပ်မြှင့်လိုက်တဲ့ ထရမ့်ရဲ့ ဒီအမိန့်ကြေညာချက်မှာ တရုတ်ဖက်က လက်တုံ့ပြန်ရင် ပိုပြီး ပစ်မှတ်ထားလျက် ပြန်လည်ထိုးနှက် သွားမယ်လို့လည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်စီးပွားရေးနဲ့ အလုပ်သမားတွေအတွက် အထိနာနေရတဲ့ မမျှတတဲ့ ကုန်သွယ်ရေး အမူအကျင့်တွေကို ပြောင်းလဲပစ်ဖို့ ငြင်းဆန်နေခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

“လတော်တော်ကြာကတည်းက ကျွန်တော်တို့ဟာ တရုတ်ကို ဒီမမျှတတဲ့ ကုန်သွယ်ရေးအမူအကျင့်တွေကို ပြောင်းလဲပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ အပြန်အလှန် မျှမျှတတ ကျင့်သုံးသွားဖို့ တိုက်တွန်းထားခဲ့တာ ကြာပါပြီ။” လို့ ကြေညာချက်မှာ ထရမ့်က ဆိုထားပါတယ်။

အခုကာလတွင်းမှာတော့ တရုတ်သွင်းကုန်တွေကို ဆယ်ရာခိုင်နှုန်း အခွန်တိုးကောက်ပေမယ့် သဘောတူညီချက် တစ်ရပ်ရပ် မရခဲ့ပါက ဇန်န၀ါရီ ၁ ရက်ကစပြီး ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ယူသွားမယ်လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

“တရုတ်တို့ရဲ့ ကုန်သွယ်ရေး အမူအကျင့်ဟာ အမေရိကန်ရဲ့ ရေရှည်စီးပွားရေးကျန်းမာမှုနဲ့ ကြွယ်ဝမှုကို အပြင်းအထန် ခြိမ်းခြောက်နေတာပဲ ဖြစ်တယ်။”လို့လည်း ထရမ့်က ဆိုပါတယ်။

“ဒါပေမယ့် တရုတ်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီတွေဆီကနေ နည်းပညာခိုးယူခြင်း၊ မတရားရယူခြင်းအပါအ၀င် မမျှတတဲ့ ကုန်သွယ်ရေး အမူအကျင့်တွေကို ပြောင်းလဲဖို့ ခုထိကို ဆန္ဒရှိမနေဘူး။”ဆိုပြီးလည်း သူက ပြောပါတယ်။

ထရမ့်ရဲ့ အခု အမိန့်ထုတ်ပြန်ချက် ထွက်လာပြီးနောက်မှာပဲ တရုတ်ဖက်က လက်တုံ့ပြန်သွားမယ်ဆိုပြီး ကြေညာချက်  ထုတ်လာခဲ့ပါတယ်။

ထရမ့်ရဲ့ ခုလို လုပ်ဆောင်ချက်ဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကို အရှိန်မြှင့်လိုက်တာပဲ ဖြစ်ပါတယ်။

တရုတ်အပေါ် အပြစ်ပေးတဲ့အနေနဲ့ ချမှတ်လိုက်တဲ့ အခုစည်းကြပ်ခွန်ဟာ အမေရိကန်သို့ တင်ပို့နေတဲ့ တရုတ် ကုန်ပစ္စည်း ထက်ဝက်လောက်ကို  ထပ်ဆောင်း အခွန်စည်းကြပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဇွန်လအတွင်းက ထရမ့်အစိုးရဟာ တရုတ်ကုန်စည် ဒေါ်လာ ၅၀ ဘီလီယံဖိုးကို စည်းကြပ်ခွန်ချမှတ်တာကို လက်တုံ့ပြန်ပြီး တရုတ်ကလည်း တူတဲ့ ပမာဏအတိုင်း အမေရိကန်ကုန်စည်တွေအပေါ် ထပ်ဆောင်းစည်းကြပ် ခွန်တွေ ချမှတ်လိုက်တာကနေ ကုန်သွယ်ရေးစစ်ပွဲ အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။

AFP/EFE_EPA