မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မကြာမီကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို အဆိုပါ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အိအိခိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဇော်မင်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းတို့က သဘာပတိအဖွဲ့အဖြစ်ဆောင်ရွက်ကာ အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ နယ်မြေခံပါတီဝင် စုစုပေါင်းအင်အား ၉ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့နယ်အဆင့်ကျင်းပသော အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲတွင် ”အမျိုးသမီးတို့အသံဖိုရမ် အမျိုးသမီး ညီလာခံ” ခေါင်းစဉ်အောက်၌ (၁) မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမြှင့်တင်ရေး၊ (၂) မြန်မာအမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ (၃) အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ (၄) အမျိုးသမီးများ၏ဘဝလုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ (၅) အမျိုးသမီး ပါတီသစ်များစုဆောင်းရေး နှင့် ၂ဝ၂ဝ ပြည့် ရွေးကောက်ပွဲအောင်နိုင်ရေးဆို၍ ခေါင်းစဉ်စာတမ်းငါးခုကို ရပ်ကွက် အခြေခံပါတီဝင် အမျိုးသမီးထုခေါင်းဆောင်ကိုယ်စားလှယ် ငါးဦးတို့က ဖတ်ကြားတင်သွင်းကြသည်။ ထို့နောက် ဗဟိုအမျိုးသမီးရေးရာညီလာခံသို့ တင်သွင်းမည့်စာတမ်းငါးစောင်အား သဘောတူကြောင်းအဆိုကို တညီတညွတ် တည်း ထောက်ခံဆန္ဒပြုခဲ့ကြသည်။

မြို့နယ်ပါတီဝင်များထဲမှမကြာ မီကျင်းပတော့မည့် ဗဟိုအမျိုးသမီးရေးရာညီလာခံကြီးသို့ တက်ရောက်ရန် အများ သဘောဆန္ဒအရ ရွေးချယ်ထားသော ညီလာခံကိုယ်စား ၁ဝ ဦး၏ အမည်စာရင်း ကြေညာပေးကာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ညီညွတ်ခြင်းစည်းလုံးခြင်း တေးသီချင်းဖြင့် သံပြိုင်သီဆိုရုပ်သိမ်းခဲ့ကြသည်။

အေးကြည်မ