ဩစေၾတးလ် ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ရပြီးနောက် လွှတ်တော်ကိုပါ စွန့်ခွာရန် တန်းဘူးလ် ဆုံးဖြတ်

ရာထူးမှ နုတ်ထွက်ခဲ့ရသည့်နောက် လွှတ်တော် အမတ် နေရာကိုပါ စွန့်ခွာသွားမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွမ် တန်းဘူးလ်က ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်က အာဏာရ ဗဟို လက်ယာယိမ်း လစ်ဘရယ်လ် ပါတီ၏ လွှတ်တော်ကို ထိန်းချုပ်ထားနိုင်မှုအပေါ် ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်။ တန်းဘူးလ်သည် ပါတီတွင်း ဆန့်ကျင်မှုများ ကြုံခဲ့ရသည့်နောက် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ် ရာထူးကို စကော့ မော်ရစ်ဆန်ထံ လွှဲပြောင်းပေးခဲ့ရသည်။

နောက်ဆက်တွဲ အနေဖြင့် ၎င်းသည် ရွေးကောက်ခံ အမတ်အဖြစ်မှပါ နုတ်ထွက်တော့မည်ဟု တန်းဘူးလ်က ကြေညာခဲ့သည်။ ယခုသီတင်းပတ်ကုန်တွင် လွှတ်တော် အမတ် နေရာကို စွန့်ခွာရန် ၎င်းက ဆုံးဖြတ်ထားသည်။ တန်းဘူးလ်က အစိုးရ အဖွဲ့၏ မတည်မငြိမ် အခြေအနေများသည် ဩစတြေးလျ နိုင်ငံကို ထိခိုက် သက်ရောက်စေလိမ့်မည်ဟုလည်း ဝန်ခံခဲ့သည်။

လွှတ်တော် အမတ်နေရာမှ ၎င်းနုတ်ထွက်ခြင်းကြောင့် ဩစတြေးလျတွင် ကြားဖြတ် ရွေးကောက်ပွဲတစ်ခု ကျင်းပရမည် ဖြစ်သည်။ လူကြိုက်များမှု ကျဆင်းနေသည့် လစ်ဘရယ်လ် ပါတီအနေဖြင့် အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ပါက လွှတ်တော်တွင်း အသာစီး ရမှုကို ထိခိုက်လာဖွယ် ရှိနေသည်။

တန်းဘူးလ်က “ဝန်ကြီးချုပ်ဟောင်းတွေ ဆိုတာဟာ လွှတ်တော်ထဲ ဆက်မနေတာ ပိုကောင်းပါတယ်။ အခု ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေက အမြင်သာဆုံး ဖြစ်မှာပါ”ဟု မှတ်ချက်ပေးခဲ့သည်။ ယင်းသည် ၎င်းကို ရာထူးမှ ဖယ်ရှားရန် ဦးဆောင် ဖိအားပေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း တိုနီ အက်ဘော့ကိုလည်း ရည်ရွယ်သည့် သဘော ဆန်နေသည်။

တန်းဘူးလ် နုတ်ထွက်သွားပါက လွှတ်တော်တွင် အာဏာရ ပါတီ၏ ထိန်းချုပ်မှုမှာ သိသာစွာ အားယုတ်သွားမည် ဖြစ်သည်။ ထို့အပြင် အတိုက်အခံ လေဘာပါတီ အတွက်လည်း လုပ်ပိုင်ခွင့် ပိုမို အားကောင်းသည့် အခွင့်အလမ်းမျိုး ရလာဖွယ် ရှိနေကြောင်း သိရသည်။

Ref: BBC