ထိုင်းစစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် စစ်အစိုးရကို မနေ့ကဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တာ လေးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စစ်အစိုးရဆန့်ကျင်ဆန္ဒပြ ချီတက်ပွဲတရပ် မနေ့က ကျင်းပခဲ့ရာမှာ ထိုင်းရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး၊ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ရွေးကောက်ခံဝန်ကြီးချုပ် ယင်လပ် အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့ပြီး၊ နိုင်ငံရေးအရ စုဝေးတာတွေကို တားမြစ်ခဲ့ပေမဲ့၊ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေက တအုံ့နွေးနွေးဖြစ်နေခဲ့ပါတယ်။

စစ်အစိုးရ၀န်ကြီးချုပ် ချန်အိုချာ က လာမယ့်နှစ် ဖေဖေါ်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ ဒီမိုကရေစီအစိုးရ ပြန်လည်ရရှိရေး ရွေးကောက်ပွဲ အချိန်ဇယားကို စစ်အစိုးရက အကြိမ်ကြိမ် ရွှေ့ဆိုင်းနေတဲ့အတွက် ထိုင်းလူ့အဖွဲ့အစည်းအတွင်း သည်းခံနိုင်စွမ်းတွေ လျော့ပါး လာနေတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

မနေ့မနက်ကတော့ ရာနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဖြုတ်ချခံခဲ့ရတဲ့ အစိုးရထောက်ခံသူ ရှပ်နီတွေ က အစိုးရအဖွဲ့ရုံးဆီကို ချီတက်ခဲ့ကြပါတယ်။ ထိုင်းအလံတွေနဲ့အတူ ၀န်ကြီးချုပ် ပရာယွတ်ရဲ့ ရုပ်ပြောင်ပုံတွေနဲ့ ချီတက်လာခဲ့ကြစဉ်မှာ ထိုင်းရဲတပ်ဖွဲ့က တားဆီးလူစုခွဲခဲ့တာပါ။

ဦးဆောင်သူ ၇ ဦး ကိုရဲက ဖမ်းဆီးလိုက်ပြီးတဲ့နောက် နာရီအတော်ကြာတဲ့အခါ ဆန္ဒပြပွဲလည်း လူစု ကွဲသွားခဲ့ပါတယ်။

-Ref; RFA