ချောင်းဦးမြို့နယ် ဝယာကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

ချောင်းဦး၊ သြဂုတ် ၁၅

ချောင်းဦးမြို့နယ် ဝယာကျေးရွာအုပ်စု ကံကြီးကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီက ကံကြီးကျေးရွာရှိ ဦးသန်းဌေးအောင် နေအိမ်တွင် ဝယာကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။
ယင်းအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အခမ်းအနားတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများနှင့်ပတ်သက်၍ တက်ရောက်လာသော ပြည်သူများနှင့် ဆွေးနွေးဟောပြောခဲ့သည်။
အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ကြူမိုးသန့်၊ မုံရွာခရိုင် အလုပ်အမှု ဆောင်ဥက္ကဋ္ဌ ဦးအောင်တိုး၊ ချောင်းဦးမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးနှင့်ပါတီဝင်များ တက်ရောက်ခဲ့ ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးကလည်း လက်ရှိ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ကြူမိုးသန့်ကလည်း အမျိုးသမီးရေးရာနှင့် လူမျိုးရေးအခြေအနေများကို ဆွေးနွေးဟောပြောခဲ့သည်။

ဝယာကျေးရွာအုပ်စု ကံကြီးကျေးရွာသည် ရွာလုံးကျွတ်ပြည်ခိုင်ဖြိုးပါတီကို အားပေးထောက်ခံသူများဖြစ်ကြောင်း သိရှိရပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ၄င်းကျေးရွာအုပ်စုရှိ မဲရုံများတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရွာလုံးကျွတ်အင်အား ၄၅ဝ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း ကောက်စိုက်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျေးရွာလူထုမှ အင်အား ၁၅ဝ ခန့်တက်ရောက်ခဲ့ကြသည်။

ကျော်မျိုးအောင် (မုံရွာ)