မာဆယ်လိုနဲ့ ဂျူဗင်တပ်မှာပြန်ဆုံချင်နေတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း မာဆယ်လိုကို ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာဖို့အတွက် တိုက်စစ်မှူး စီရော်နယ်ဒိုက စည်းရုံးနေကြောင်း အီတလီသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ နှစ် အရွယ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်နိစ်ကနေ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဓိကအကျဆုံး ကစားသမားတွေထဲမှာလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့ရာမှာ ဘယ်တောင်ပံက မာဆယ်လိုရဲ့ စွမ်းဆောင်ရည်ကလည်း အများကြီးအရေးပါခဲ့ပြီး ရီးရဲလ်ဘယ်ခြမ်းမှာ စီရော်နယ်ဒိုနဲ့ အတွဲညီဆုံး ကစားနိုင်သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။

စီရော်နယ်ဒိုနဲ့ မာဆယ်လိုတို့ နှစ်ဦးကြားမှာ ညီအစ်ကိုတွေလို ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးလည်း ရှိထားတာကြောင့် ဂျူဗင်တပ်ကို လိုက်ပါပြောင်းရွှေ့ဖို့ စီရော်နယ်ဒိုက ဆွဲဆောင်နေတာလို့ သုံးသပ်ထားကြပါတယ်။ စီရော်နယ်ဒိုဟာ ဒီနွေရာသီအတွင်းမှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့ကြောင့် ဂျူဗင်တပ်ဟာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားတဲ့နေရာမှာ အားသာချက်လည်း ရှိသွားနိုင်တယ်လို့ ယူဆခံထားရတာပါ။

ဒါပေမဲ့ လက်ရှိဂျူဗင်တပ် ဘယ်တောင်ပံခံစစ်မှာ အဲလက်စ်ဆန်ဒရိုက ဦးစားပေး ကစားသမားဖြစ်နေပြီး ဆန်ဒရိုကို ရောင်းချနိုင်မှသာ မာဆယ်လိုကို ခေါ်ယူရေးကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဆန်ဒရိုကို ပရီးမီးယားလိဂ်ကလပ်တချို့ စိတ်ဝင်စားခဲ့သေးပေမယ့် ဒီနေ့မှာ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းတော့မှာ ဖြစ်တာကြောင့် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရေးကသာ ပိုပြီးဖြစ်နိုင်ချေ များတယ်လို့လည်း ဆိုပါတယ်

Source: Duwun