မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများကြောင့် ဂျပန်တွင် သေဆုံးသူ တစ်ရာနီးပါး အထိ ရှိလာ

တိုကျို၊ ဇူလိုင် ၉

ဂျပန်နိုင်ငံတွင် ရက်အတန်ကြာ စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ရာတွင် သေဆုံးသူ ဦးရေသည် တစ်ရာနီးပါးအထိ ရှိလာခဲ့သည်။ ပျောက်ဆုံးနေသူများ၊ ပိတ်မိနေသူများ ရှိနေ၍ ဇူလိုင် ၉ ရက်တွင် ကယ်ဆယ်ရေးများ၊ ရဲများနှင့် စစ်တပ်တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်။ မိုးရွာသွန်းမှု လျော့ကျစ ပြုလာချိန်တွင် အစိုးရက ပျောက်ဆုံးနေသူပေါင်း ဒါဇင်အချို့ ရှိနေသည်ဟု ထုတ်ပြန်သည်။

သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ပြီး ဌာနေ မီဒီယာများတွင် သေဆုံးသူဦးကို ၉၀ နီးပါး ရှိပြီး ပျောက်ဆုံးသူက ၅၀ ကျော်ထက်မနည်းရှိနေသည်ဟု ဖော်ပြကြသည်။

၂၀၁၁ သြဂုတ်နှင့် စက်တင်ဘာတို့က လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည့် တိုင်ဖုန်းမုန်တိုင်း နှစ်ကြိမ် တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း ယခုရာသီဆိုးတွင် သေဆုံးသူပေါင်းသည် ဂျပန်တွင် အမြင့်ဆုံးလည်း ဖြစ်သည်။ ကျေးရွာလိုက် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အဆိုးဆုံး ကြုံတွေ့သည့် နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း တို့တွင် အများဆုံးနယ်မြေပိုင်းများမှာ ဇူလိုင် ၉ ရက်တွင် မိုးစဲစပြုပြီလည်း ဖြစ်သည်။ မိုးလေ၀သဌာနက သက်ရောက်မှု ကြုံရာ အရပ်ဒေသများအတွက် ထုတ်ပြန်ထားသည့် သတိပေးချက်များကို အဆင့်လျှော့ချထားပြီ ဖြစ်သော်လည်း မိုးရေတိုက်စားမှုကြောင့် မြေပြိုမှုများ ဖြစ်နိုင်သေးကြောင်း အာဏာပိုင်များက သတိ ပေးထားသည်။ 

-Ref; AFP