အတိတ်က မအောင်မြင်မှုများကို အင်္ဂလန်အသင်းဂရုမစိုက်ဟု တိုက်စစ်မှူး ဟယ်ရီကိန်း ပြော

၅၂ နှစ်ကြာ ဆုဖလားများနှင့် ဝေးကွာနေခြင်း အဆုံးသတ်လိုပါက အင်္ဂလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားတွင် ထူးခြားအောင် လုပ်ပြရမည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူးဟယ်ရီ ကိန်းက ပြောသည်။

အင်္ဂလန်သည် ၁၉၆၆ က ကမ္ဘာ့ဖလားရခဲ့ပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဓိကပြိုင်ပွဲများတွင် အမြင့်ဆုံး အကြိုဗိုလ်လုပွဲ အထိသာ တက်ရောက်နိုင်ခဲ့သည်။ သို့သော် ဂါရက်ဆောက်သ် ဂိတ်၏ လူငယ်အများအပြားပါဝင်သော အသင်းသည် ယခင် ကမ္ဘာ့ဖလား မှတ်တမ်းများဖြင့် အာရုံထွေပြားရမည် မဟုတ်ဟု ဟယ်ရီကိန်းက ပြောသည်။

‘‘အဓိကကတော့ ထူးခြားအောင် လုပ်နိုင်တယ်လို့ ယုံကြည်ဖို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ က ခက်ခဲခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ဘာဆုဖလားမှ မရခဲ့လို့ပါ’’ ဟု ကိန်းက ပြောသည်။

‘‘ကျွန်တော်တို့အတွက် အရေးကြီးတာက ကိုယ့်ဘာသာ အာရုံစူးစိုက်ထားဖို့ ဖြစ်ပါတယ်။ အတိတ်ကာလက အသင်းတွေ၊ ဘာတွေ ပူပန်မနေဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ အသင်းပါ။ ကိုယ်ပိုင်အမှတ်အသားတွေ ရှိတယ်။ ရှေ့ကိုပဲ ရှေးရှုပြီး ပျော်မွေ့ဖို့လိုပါတယ်’’ ဟု ဟယ်ရီ ကိန်းက ဆက်လက်ပြောသည်။

ထို့အပြင် အင်္ဂလန်အသင်းသည် ပင်နယ်တီ လေ့ကျင့်နေသည်ဟု ဟယ်ရီကိန်းက ဆိုသည်။ အင်္ဂလန်သည် ကမ္ဘာ့ဖလား ပင်နယ်တီကန်သွင်းရာတွင် ဆိုးရွားသော မှတ်တမ်းရှိပြီး ပင်နယ်တီဖြင့် သုံးကြိမ်ရှုံးနိမ့်ခဲ့သည်။

နေ့စဉ်လေ့ကျင့်ခန်း ဆင်းပြီးတိုင်း ပင်နယ်တီ မလေ့ကျင့်သော်လည်း အချို့ရက်များတွင် ထည့်သွင်းလေ့ ကျင့်ကြောင်း  ဟယ်ရီ ကိန်းက ပြောသည်။

ထိုအတောအတွင်း ဂျိမ်းစ်မီနာကဲ့သို့ ဝါရင့်ကစားသမားများက လူငယ်များ ကစားပုံတိုးတက်အောင် ကူညီနိုင်သည် ဟု လီဗာပူး နှင့် အင်္ဂလန်ညာ နောက်ခံလူအလက်ဇန်းဒါးအာနိုးလ် (၁၉) နှစ် က ပြောသည်။

—Ref:Skysports