ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် အီကွေဒေါ နိုင်ငံတကာရေးရာဝန်ကြီး ဂရေ့စ်ရွေးချယ်ခံရ


ဂျီနီဗာ ဇွန် ၆

အီကွေဒေါနိုင်ငံမှ နိုင်ငံတကာရေးရာ ဝန်ကြီးတစ်ဦးဖြစ်သူ မစ္စဖာနန်ဒါ အက်စ်ပီနိုစာ ဂရေ့စ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဋ္ဌအဖြစ် အင်္ဂါနေ့က ရွေးချယ်ခဲ့ကြောင်း သိရ သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံသည် မူဝါဒချမှတ်မှုအပိုင်းတွင် အဆင့်အမြင့် ဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်းကဲ့သို့ အရေးပါသောနေရာတွင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခြင်းမှာ ကုလသမဂ္ဂသမိုင်းတွင် စတုထ္ထအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

ဂရေ့စ်သည် ဟွန်ဒူးရပ်စ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စား လှယ် မာရီအယ်လိဇဘက်ကို မဲအသာ ဖြင့် အနိုင်ရပြီး ဥက္ကဋ္ဌရာထူးကို ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ဂရေ့စ်သည် စက်တင်ဘာ လအတွင်းကျင်းပမည့် (၇၃) ကြိမ်မြောက် အထွေထွေညီလာခံတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ ရာထူးသက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ ပိုမိုအရည်အချင်းပြည့်ဝပြီး အင်အား တောင့်တင်းခိုင်မာသော အဖွဲ့အစည်းကြီး ဖြစ်ပေါ်လာစေရေးမှာ စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ဂရေ့စ်က မဲခွဲဆုံး ဖြတ်မှုအပြီး ပြောကြားခဲ့သည်။ နျူကလီးယား လက်နက်ဖျက်သိမ်းရေးမှာ မဖြစ် မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ရပ်ပင် ဖြစ်ကြောင်း ပြောခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂရေ့စ် အထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရခြင်းအတွက် ဂုဏ်ယူကြောင်း၊ ကုလသမဂ္ဂတွင် ယခုကဲ့သို့ အမျိုးသမီး တစ်ဦးကို အထွေထွေညီလာခံဥက္ကဋ္ဌ အဖြစ်ရွေးချယ်မခံရသည်မှာ ဆယ်စုနှစ် တစ်ခုစာမျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ